အရေးပေါ်ဆင်းသက်ပြီးနောက် လေဆိပ်မှာ ပိတ်မိနေတဲ့ ခရီးသည် ၁၅၅ ယောက်အတွက် ပီဇာမှာကျွေးခဲ့တဲ့ လေယာဉ်မှူး

21.11.2024-yyl-1.jpg

အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် လေဆိပ်မှာ ပိတ်မိနေတုန်း ခရီးသည် ၁၅၅ ယောက်အတွက် ပီဇာတွေ မှာကျွေးခဲ့တဲ့ လေယာဉ်မှူးအကြောင်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ United Airlines လေကြောင်းလိုင်းရဲ့ လေယာဉ်မှူး စကော့ဝါဒီဟာ လေတပ်မှာရော၊ အရပ်ဘက်မှာရော လေယာဉ်မှူးလုပ်လာတာ နှစ် ၃၀ ရှိပါပြီ။

ဟူစတန်မြို့ကနေ ဖီးနစ်မြို့ကို ပျံသန်းတဲ့ United Airlines ရဲ့ လေကြောင်းခရီးစဉ် ပျံသန်းနေတုန်း ၄၅ မိနစ်အကြာမှာ ခရီးသည်တစ်ယောက် သတိလစ်သွားလို့ လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့ အကြောင်းဖန်လာခဲ့တာပါ။ အယ်ဘူကာကေးလေဆိပ်ကို ည ၁၁ နာရီ ဆိုက်ရောက်ချိန် လေဆိပ်မုန့်ဈေးတန်းကလည်း ပိတ်သွားခဲ့ပါပြီ။ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ဖို့ မျှော်လင့်ထားပေမဲ့ လေယာဉ်အမှုထမ်းတွေကလည်း တာဝန်ချိန် ကျော်လွန်သွားခဲ့ပြီဖြစ်လို့ ဂျူတီချိန်းရမှာ ဖြစ်တာကြောင့် စောင့်ဆိုင်းရဖို့ ရှိနေပြန်ပါတယ်။

လေဆိပ်မှာ ပိတ်မိနေတဲ့ ခရီးသည်တွေ အဆင်ပြေပါ့မလား၊ ဆာလောင်နေကြမလားလို့ တွေးမိတဲ့ စကော့ဝါဒီဟာ နောက်ဆုံးမှာတော့ ပီဇာ မှာကျွေးဖို့ အကြံရခဲ့ပြီး ခရီးသည် ၁၅၅ ယောက်အတွက် ပီဇာအချပ် ၃၀ မှာယူခဲ့တာပါ။ စကော့ဝါဒီဟာ ခရီးသည်အားလုံး ပီဇာတစ်စိတ်စီ ရပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှသာ သူ့အတွက် ဝေစုယူခဲ့ပြီး သူ့ရဲ့လုပ်ရပ်က ခရီးသည်တွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

လေဆိပ်မှာ ခရီးသည်တွေကို ပီဇာ လိုက်ဝေပေးနေတဲ့ စကော့ဝါဒီရဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး သူ့ရဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကလည်း သူ့ကို ဖုန်းဆက်ချီးကျူးခဲ့ကြပါတယ်။ ” ဘာမှ ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို လုပ်တာပါပဲ။ ကျွန်တော်တို့ကုမ္ပဏီက အခြားပိုင်းလော့တွေဆိုလည်း ဒီလိုလုပ်ကြတာပါပဲ။ ကျွန်တော်က ဓာတ်ပုံတွေ ပျံ့သွားလို့ လူသိများသွားတာပါ” လို့ စကော့ဝါဒီက ဆိုပါတယ်။

Ref: United Pilot Orders 30 Pizzas to Feed Passengers After Emergency Landing for Medical Care
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top