ဇနီးဖြစ်သူနဲ့ ပေါင်းဖက်ရဖို့ ကံကြမ္မာဖန်ဆင်းခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ အမျိုးသားတစ်ဦးရဲ့ငယ်ဘဝဓာတ်ပုံတစ်ပုံ

8-8-2022-yyl05.jpg

အီကွေဒေါနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ မဆုံတွေ့ခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူတို့အချင်းချင်းတွေ့ဆုံမိခဲ့တာဆိုတာကို ငယ်ဘဝဓာတ်ပုံတစ်ပုံတွေ့တဲ့အခါမှသိခဲ့ရပါတယ်။ အိုင်လစ်ဇ် မယ်လီနာ ဇန်ဘရာနို ဆိုတဲ့ အဲဒီအမျိုးသမီးက သူ့ခင်ပွန်းရဲ့ငယ်ဘဝဓာတ်ပုံတွေကို ကြည့်နေရင်း သူ့ကို အံ့ဩသွားစေမယ့် ဓာတ်ပုံတစ်ပုံကို တွေ့ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က ရိုက်ကူးခဲ့တဲ့ အဲဒီဓာတ်ပုံထဲမှာ သူရော သူ့ခင်ပွန်းရောအတူတူ ရှိနေခဲ့ကြတာပါ။ ဓာတ်ပုံထဲမှာ အိုင်လစ်ဇ်က အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို အမှတ်တမဲ့ စိုက်ကြည့်နေခဲ့တာပါ။ တကယ်တော့ အဲဒီတုန်းက သူ စိုက်ကြည့်နေတဲ့ ကောင်လေးက သူ့ရဲ့ခင်ပွန်း ပက်ဒရို ပါဘလို ပီကို မိုရိန်ရာ ဖြစ်နေခဲ့ပါတယ်။အိုင်လစ်ဇ်ဟာ အဲဒီတုန်းက ငယ်ရွယ်တဲ့ ကလေးမလေးဖြစ်ပြီး သူ့ခင်ပွန်းကို မသိလည်းမသိ၊ မြင်လည်းမမြင်ဖူးတဲ့အတွက် ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ဘာမှ မမှတ်မိခဲ့ဘူး။ သူ မှတ်မိတာဆိုလို့ နှစ်တိုင်း သူ့အမေနဲ့အတူ မြို့ထဲ ချီတက်ပွဲ သွားခဲ့တာပါ။

ပက်ထရိုနဲ့ အိုင်လစ်ဇ်တို့ဇနီးမောင်နှံ

အိုင်လစ်ဇ်က သူ့ခင်ပွန်း ပက်ထရိုရဲ့ငယ်ဘဝဓာတ်ပုံကို ဘယ်လိုတွေ့ခဲ့တာလဲဆိုရင် ယောက္ခမအိမ်ကို အလည်သွားတော့ သူ့ခင်ပွန်းရဲ့ဓာတ်ပုံအယ်လ်ဘမ်ကို တောင်းကြည့်ခဲ့တဲ့အချိန်မှာ တွေ့ခဲ့ရတာပါ။ ပက်ဒရိုက ချီတက်ပွဲမှာ လမ်းလျှောက်နေတုန်း ဓာတ်ပုံဆရာက ရိုက်လိုက်တာပါ။ အိုင်လစ်ဇ်ကတော့ ရပ်နေတဲ့လူအုပ်ထဲမှာ ပက်ထရိုကို ငေးကြည့်နေခဲ့တာပါ။ ဓာတ်ပုံကို မြင်တော့ သူရော သူ့ခင်ပွန်းပါ အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။ အဲဒီဓာတ်ပုံအကြောင်း ပြောပြထားတဲ့ ဗီဒီယိုကို လူမှုကွန်ယက်မှာ မျှဝေပြီးနောက် ကြည့်ရှုသူ (၉) သန်းကျော်နဲ့ Like (၅) သိန်း ရရှိခဲ့ပါတယ်။

အိုင်လစ်ဇ်ဟာ ငယ်ဘဝတုန်းက သူ့ခင်ပွန်း ပက်ထရိုနဲ့အတူတူ ဓာတ်ပုံထဲမှာ ပါခဲ့ပေမဲ့ အသက် (၁၇) နှစ်အထိ အနာဂတ်ခင်ပွန်းဖြစ်သူကို ကောင်းကောင်းမတွေ့ဆုံခဲ့ပါဘူး။ ဒါပေမဲ့ ကံကြမ္မာကြောင့် သူတို့ (၂) ဦးက တက္ကသိုလ်မှာ တစ်ဖန်ပြန်လည် ဆုံတွေ့ခဲ့ကြရပါတယ်။ အိုင်လစ်ဇ်က ပက်ထရိုကို သူ့မြို့တစ်ဝိုက်မှာ လတော်တော်ကြာ မြင်တွေ့နေခဲ့ရတယ်။ သူ့ကို ဆွဲဆောင်ထားခဲ့ပေမဲ့ အိုင်လစ်ဇ်က ပက်ထရိုကို စကားသွားပြောဖို့ သတ္တိမရှိခဲ့ဘူး။

လွန်ခဲ့တဲ့ (၁၅) နှစ်ကတည်းက သူတို့စုံတွဲ တွေ့ဆုံခဲ့ကြတယ်ဆိုတာကို သိသွားစေခဲ့တဲ့ ငယ်ဘဝဓာတ်ပုံ
(ဓာတ်ပုံဆရာဘက်ကို လှည့်ကြည့်နေတဲ့ ပက်ထရိုကို ခါးထောက်ပြီး ကြည့်နေတဲ့ အိုင်လစ်ဇ်)

နောက်တော့ တက္ကသိုလ်မှာ တွေ့ခဲ့ကြတယ်။ အိုင်လစ်ဇ်က အတန်းထဲ ဝင်ခါနီး အခန်းအပြင်ဘက် ခုံတန်းမှာ ပက်ထရို ထိုင်နေတာကို တွေ့ခဲ့တယ်။ သူ့ကိုတွေ့တော့ ပက်ထရိုက တစ်ခါမှမတွေ့ဖူးတဲ့ အိုင်လစ်ဇ်ကို ပြန်ကြည့်ခဲ့တယ်။ အဲဒီအချိန်မှာ အိုင်လစ်ဇ်က သူ့ကို ပြုံးပြခဲ့တယ်။ (၃) ရက်ကြာတော့ ပက်ထရိုက သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ စာပို့ခဲ့တယ်။ (၂) ပတ်ကြာ အချင်းချင်းစကားပြော၊ ဖုန်းခေါ်တာတွေနဲ့ အချိန်ကုန်ပြီးနောက် ပက်ထရိုက အိုင်လစ်ဇ်ကို လက်ထပ်ခွင့်တောင်းခဲ့ပြီး သူတို့ (၂) ဦး စေ့စပ်ကြောင်းလမ်းခဲ့ကြတယ်။

သူတို့စုံတွဲ တရားဝင်လက်မထပ်ခင် (၆) နှစ်ကြာ တွဲခဲ့ကြတာပါ။ လက်ထပ်ပြီး (၁) နှစ်နဲ့ (၁၀) လအကြာမှာ သူတို့စုံတွဲဟာ လွန်ခဲ့တဲ့ (၁၅) နှစ်ကတည်းက ပေါင်းဖက်ဖို့ ကံကြမ္မာဖန်ခဲ့တယ်ဆိုတာ သိခဲ့ရတာပါ။

Ref: Dailymail “Written in the stars! Woman, 26, is left in disbelief after spotting herself in a childhood photo of her husband – 15 YEARS before they even met”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top