ကားထဲမှာပိတ်နေတဲ့ လသားကလေးကို ကယ်တင်ခဲ့တဲ့ ရဲဝန်ထမ်းဟောင်း

1492027_083016-babyrescuehotcar.jpg

အမေရိကန် နိုင်ငံ၊ နယူးဂျာစီက စတီဗင်အက်ကယ်လ် ဆိုသူဟာ တာဝန်က အငြိမ်းစားယူထားတဲ့ ရဲဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့ ကုန်တိုက်တစ်ခုမှာ ဈေးဝင်ဝယ်ရင်းနဲ့ အဲဒီက ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးထဲမှာ လသားအရွယ် ကလေးငယ်လေးတစ်ယောက် ပိတ်မိနေတာကို တွေ့တယ်။

ပိတ်မိနေတယ်လို့ ပြောရတာက သက်တောင့်သက်သာ ကျန်ခဲ့တဲ့ အနေအထား မဟုတ်ဘဲနဲ့ နေရောင်ကျနေတဲ့ ကားထဲမှာ ကလေးဟာ ချွေးသီးချွေးပေါက်တွေ အပြိုင်းပြိုင်းကျနေပြီး ပိတ်လှောင်မွန်းကြပ်ပြီးတော့ အသည်းအသန် ငိုကြွေးနေလို့ပါပဲ။ “ကလေးကို တီရှပ်ဝတ်ပေးထားတဲ့ အပြင် အနှီးနဲ့ ထုပ်ထားပြီး အပေါ်က သိုးမွှေးစောင်ကိုပါ ထပ်ခြုံပေးထားကြတယ်လေ။ ဒီအတိုင်းသာ နောက်ထပ် တစ်ဆယ့်ငါးမိနစ်လောက်ဆိုရင် အပူဒဏ်ကြောင့် ကလေး သေရင်တောင် သေသွားနိုင်လောက်တယ်“ လို့ စတီဗင် အက်ကယ်လ်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။

ဘေးဘီကို ကြည့်လို့ ကလေးမိဘတွေကို မတွေ့တဲ့ အခါ စတီဗင်အက်ကယ်လ်ဟာ သူ့ကားဆီကို အမြန်ဆုံး ပြေးသွားပြီး ကားထဲမှာပါတဲ့ ဆယ်ပေါင်တူကို ပြေးယူပါတယ်။ ပြီးတော့မှ ကားမှန်ကို ရိုက်ခွဲပစ်ပြီး ကလေးကို ကယ်ဆယ်ခဲ့ပါတယ်။ ကားမှန်ကို လေးချက်လောက် ထုနှက်မှသာ မှန်ကွဲသွားခဲ့တာလို့ သတိရပါတယ်။ စတီဗင်အက်ကယ်လ်ဟာ ကလေးကို အဝတ်တွေ ချွတ်ပြီး အပူကျအောင် ရေနဲ့ ဆွတ်ဖျန်းပေးခဲ့ရပါတယ်။ ကလေးက ဘယ်လောက်အထိ ပူနေသလဲဆို သူ့ကို ပွေ့ထားရင်းနဲ့ ကျွန်တော်ပါ အပူကို ခံစားနေမိတဲ့ အထိပဲ” လို့ သူက ပြောပါတယ်။ “ဒီနေ့ ဒီခေတ်ကြီးထဲမှာ ဒီလို ပုံစံနဲ့ ကလေးတစ်ယောက် အသက်ဆုံးရှုံးသွားမှာ ဘယ်လိုမှ မဖြစ်သင့်ဘူး” လို့ သူက ဆိုပါတယ်။

ကလေးကို လက်လွှတ်စပယ် ထားခဲ့တဲ့ ကလေးမိခင်ကိုတော့ “ကလေးအပေါ်  အန္တရာယ်ကျရောက်စေမှု” နဲ့ သက်ဆိုင်ရာက အရေးယူခဲ့ပါတယ်။ သူမဟာ ထားခဲ့ပြီး မိနစ်လေးဆယ်လောက်နေမှ ကလေးဆီ ပြန်လာတယ်” လို့ သိရပါတယ်။

အခုပုံကတော့ ရဲဝန်ထမ်းဟောင်းကြီး စတီဗင်အက်ကယ်လ် နဲ့ သူကယ်ခဲ့တဲ့ လေးလသမီးလေး ပုံပါ။

Ref : Time : Retired Cop Uses Sledgehammer to Save Baby From Hot Car”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top