ရိုးရာလေးပရိသတ်တွေအတွက် ရုပ်ရှင်အညွှန်း

35151290_545148392546113_5383831356251832320_n.jpg

မိုးအေးအေးလေးမှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ဇာတ်ကားကောင်းကောင်းလေးတစ်ကားကြည့်ရတာလောက် ဇိမ်ကျမယ့်အရသာရှိလောက်မှာ မဟုတ်ဘူး ပရိသတ်တို့ရေ။ ဒါကြောင့်မို့ ကောင်းနိုးရာရာဇာတ်ကားလေးတွေကို ပရိတ်သတ်ကြီးတို့ ကြည့်ရှူနိုင်ဖို့ ဒီတစ်ပတ် ညွှန်းပေးလိုက်ပါတယ်။

၁။ Tomorrowland

သိပ္ပံဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် Tomorrowland ဆိုတဲ့ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ လက်ရှိနဲ့ အနာဂတ်ကြားက ဆက်စပ်မှုတွေ နည်းပညာတွေနဲ့ တီထွင်ဖန်တီးမှုတွေကို စိတ်ဝင်စားတဲ့ ကောင်လေးတစ်ယောက်ရယ် သူ့ကိုကူညီပေးဖို့ အချိန်တစ်နေရာကနေ ရောက်လာတဲ့ ကောင်မလေးတစ်ယောက်ရယ်နဲ့ ဒီဇာတ်လမ်းကို အစပြုပေးထားပါတယ်။

Tomorrowland လို့ခေါ်တဲ့ လျို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့နေရာတစ်ခုဆီကို အန္တရာယ်များတဲ့စစ်ဆင်မှုတစ်ခုအတွက် သူတို့သွားရောက်ရချိန်မှာ ဘယ်လိုစွန့်စားခန်းတွေဖွင့်ရတယ် လုံးဝမထင်မှတ်ထားတဲ့ ဘယ်လိုအချိုးအကွေ့တွေ ကြုံရတယ်ဆိုတာ ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ သေချာတာကတော့ Time and Space ကြားမှာ လျို့ဝှက်စွာတည်ရှိနေတဲ့ ဒီနေရာက လွယ်လွယ်ကူကူ ခြေချဖို့မလွယ်ဘူးဆိုတာပါပဲ။

၂။ Bridge to Terabithia

ဘယ်လောက်ဟောင်းဟောင်း လုံးဝနွမ်းမသွားမယ့် တသသဖြစ်နေရမယ့် ဇာတ်ကားမျိုးဆိုရင် စာရေးသူတော့ ဒီကားလေးကို ညွှန်းပေးရမှာပဲ။ ဒါက ရင်ခုန်စရာ အချစ်ဇာတ်လမ်းလည်း မဟုတ်ပါဘူး။ သမိုင်းဝင်တွေအကြောင်းကို ရိုက်ထားတာလည်း မဟုတ်ပါဘူး။ CGI effectတွေအပြည့်နဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ကလေးတွေရဲ့စိတ်ကူးဥာဏ်နဲ့ သူတို့တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခုကို တကယ့်ကို အရိုးရှင်းဆုံးရိုက်ပြထားတဲ့ ကားလေးသက်သက်ပါပဲ။

နယ်မြို့လေးတစ်မြို့က လူတွေကို ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ သိပ်မသိတဲ့ ကလေးနှစ်ယောက်ဟာ မိတ်ဆွေဖြစ်လာခဲ့ပြီးနောက် သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးကို သူတို့ဘယ်လိုဖန်တီးကြတယ်။ သူတို့စိတ်ဝိဥာဉ်တွေရဲ့ အနက်ရှိုင်းဆုံးက အရာတွေကို ဘယ်လိုပုံဖော်ကြမလဲ။ ထင်မှတ်မထားတဲ့ အချိုးအကွေ့တွေနဲ့ ဒီကားလေးဟာ တကယ့်ကို ကြည့်ဖို့ထိုက်တန်တဲ့ ကားလေးတစ်ကား ဖြစ်ပါကြောင်း။

၃။ Nerve

သူငယ်ချင်းတွေကြား နင်ဘာလုပ်ရဲရင် ဘယ်လောက်ပေးမယ်လို့ လောင်းကြေးစားကြေးနဲ့ ကစားဖူးပါသလား။ တစ်ခါတစ်လေ လုပ်ရခက်ခဲတဲ့ mission တွေဖြစ်နေတတ်ပါတယ်။ တီထွင်သူအချို့က ဒီအယူအဆအပေါ်အခြေခံတဲ့ ကစားနည်းတစ်မျိုးကို Nerve လို့ နာမည်ပေးပြီးတော့ online ပေါ်လွှင့်တင်ပေးထားပါတယ်။ ပါဝင်ကစားသူ လုပ်နိုင်သလောက် စွန့်စားခန်းတွေဖွင့်န်ိုင်ပြီးတော့ အဆင့်ပိုတက်လာလေလေ ဘဏ်အကောင့်ထဲ ငွေတွေ ပိုဝင်လာလေပါပဲ။ ဒီတော့ တစ်ကမ္ဘာလုံးက လူတွေက သူ့ထက်ငါအပြိုင်ဆိုင် စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ်။

အမြဲတမ်းအပယ်ခံလိုဖြစ်နေတဲ့ ကောင်မလေး ဗီး (Vee) ကလည်း စိန်ခေါ်မှုတစ်ခုကြောင့် ဒီဂိမ်းကို ပါဝင်ကစားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဂိမ်းရဲ့စိန်ခေါ်မှုတွေက အစွန်းရောက်လာတဲ့အခါမှာတော့။ မိုးအေးအေးနဲ့ စိတ်လှုပ်ရှားရင်း ကြည့်ရမယ့်ကားကောင်းလေးတစ်ကားမို့ ညွှန်းပေးလိုက်ရပါတယ်။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top