ဖိလစ်ပိုင်ဆီက သိမ်းယူသွားခဲ့တဲ့ ခေါင်းလောင်းတွေကို ရာစုနှစ် တစ်ခုကျော် ကြာအပြီးမှာ အမေရိကန် ပြန်လည်ပေးအပ်

img_3362_slide-575fedd87ee62343ee12d00a4cb7449359a72e63-s800-c85.jpg

အမေရိကန်စစ်သားတွေက စစ်ပွဲအောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် ၁၉၀၁ ခုနှစ်အတွင်း၊ ဖိလစ်ပိုင်နိုင်ငံ Balangiga ခရစ်ယာန် ဘုရားကျောင်းကနေ သိမ်းယူသွားခဲ့တဲ့ ခေါင်းလောင်းသုံးလုံးဟာ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့မှာ ဖိလစ်ပိုင်နိုင်ငံဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒီခေါင်းလောင်းတွေကို အခမ်းအနားနဲ့ ပြန်လည်အပ်နှံခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ အမေရိကန်စစ်တပ် အရာရှိတွေလည်း တက်ရောက်ခဲ့ကာ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံအကြားက အမုန်းပွားစရာဖြစ်နေခဲ့တဲ့ ကိစ္စတစ်ခုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသားတွေက ဒီခေါင်းလောင်းတွေကို ပြန်ပေးအပ်ဖို့ တောင်းဆိုနေခဲ့တာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်ပြီး တချို့သော အမေရိကန် စစ်ပြန်တွေနဲ့ အရာရှိတွေက ပြန်ပေးဖို့အတွက် ငြင်းဆန်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်တွေက ဒီခေါင်းလောင်းတွေကို လွတ်လပ်ရေးရဲ့ သင်္ကေတအဖြစ် မှတ်ယူထားကြပြီး ၁၉၀၁ ခုနှစ်က အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက် သိမ်းပိုက်တာကို ဖိလစ်ပိုင်တွေက ရှောင်တခင် ပြန်တိုက်ခိုက်ဖို့ ဒီခေါင်းလောင်းတွေနဲ့ အချက်ပေးခဲ့တာ လို့ သမိုင်းပညာရှင် ရိုလန်ဒို ဘော်ရင်နာဂါ (Rolando Borrinaga) က ဆိုပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အဆိုးရွားဆုံး ရှုံးနိမ့်မှုတွေထဲက တစ်ခုလို့ဆိုရမယ့် အဲဒီ ၁၉၀၁ ခုနှစ်၊ Balangiga မြို့တွင်းစစ်ပွဲမှာ အမေရိကန်စစ်သား ၄၈ ဦးဟာ ဖိလစ်ပိုင်တပ်ဖွဲ့တွေရဲ့ ချုံခို တိုက်ခိုက်ခံခဲ့ရပြီး ပြန်လည် ချေမှုန်းအောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် ဘုရားကျောင်းက ခေါင်းလောင်းတွေကို သိမ်းယူသွားခဲ့ကြတာ ဖြစ်ပါတယ်။

ခေါင်းလောင်းတစ်လုံးကို တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမှတ် ၉ ခြေလျင်တပ်ရင်းမှာ ထားရှိပြီး နောက်နှစ်လုံးကိုတော့ အမေရိကန် Wyoming မှာရှိတဲ့ အမှတ် ၁၁ ခြေလျင်တပ်ရင်းမှာ ထားရှိတာ ဖြစ်ပါတယ်။

တောင်းဆိုမှုတွေများပြားလာပြီး ပြန်ပေးအပ်ဖို့ သဘောထား တင်းမာနေမှုတွေလည်း လျော့နည်းလာတာကြောင့် ဒီခေါင်းလောင်းတွေကို ပြန်ပေးအပ်တာဖြစ်ကာ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း ဒီကိစ္စအတွက် ဝမ်းမြောက် ချီးကျူးစကား ဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: NBCNews “Bells of Balangiga are returned to Philippines after more than a century”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top