ယာဉ်မောင်းအမျိုးသမီးရဲ့ကျန်းမာရေးအခြေအနေကြောင့် ထိန်းမရတော့တဲ့ ကား ရပ်တန့်သွားအောင် လူတစ်စုက ကူညီ

16-5-2022-yyl-08.jpg

ဖလော်ရီဒါပြည်နယ်၊ ဘွိုင်တန်ကမ်းခြေက လူစည်ကားတဲ့ ကားလမ်းပေါ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးတစ်ဉီးဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ကားကို ထိန်းမရဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူစိမ်းတစ်စုက သူ့ကို ကူညီပေးခဲ့ကြတာပါ။ အဲဒီလူတွေဟာ သူတို့ရဲ့ကားတွေထဲက ထွက်လာပြီး ဆန့်ကျင်ဘက် ယာဉ်ကြောထဲ ဝင်လာတဲ့ ကားကို ရပ်တန့်ဖို့ ကူညီပေးခဲ့တာပါ။ မေလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ရဲ့ ဗီဒီယိုဖိုင်ကို ရဲဌာနက မေလ ၁၁ ရက်နေ့မှာ တင်ခဲ့တာပါ။

ဗီဒီယိုထဲမှာ အမျိုးသမီးတစ်ဉီးက သူ့ရဲ့ကားထဲကနေ ထွက်လာပြီး လမ်းဆုံအတွင်း ယိမ်းထိုးသွားနေတဲ့ ကားနောက်ကို ပြေးလိုက်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ကားထဲက သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်နေပြီဆိုတာ သတိပြုမိခဲ့တာပါ။ သူက ကားကို ရပ်တန့်ဖို့ ကြိုးစားရင်း အခြားယာဉ်မောင်းတွေရဲ့အကူအညီကို ရယူဖို့ လက်နဲ့ဝှေ့ယမ်းပြခဲ့ပါတယ်။ သူ့ကို သတိထားမိခဲ့တဲ့ လူတွေက သူတို့ရဲ့ကားထဲက ထွက်လာပြီး ကားကိုရပ်တန့်ဖို့ အတူတကွလုပ်ဆောင်ခဲ့ကြပါတယ်။

ကားရပ်တန့်သွားပြီးတဲ့နောက်မှာ အမျိုးသမီးတစ်ဉီးက သူ့ကားထဲကနေ အလေးတုံးကို ယူလာပေးပါတယ်။ အမျိုးသားတစ်ဉီးက အဲဒါကို အသုံးပြုပြီး ကားနောက်ခန်း ပြတင်းပေါက်ကို ရိုက်ခွဲခဲ့ပါတယ်။ အဲဒီနောက် အခြားအမျိုးသားတစ်ဉီးက ကားတံခါးတွေဖွင့်ဖို့အတွက် ရိုက်ခွဲခဲ့တဲ့ ကားပြတင်းပေါက်ကနေ ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကူညီပေးခဲ့ကြတဲ့လူတစ်စုဟာ အဲဒီကားကို အနီးနားက 7-Eleven ကားပါကင်ဆီ တွန်းပို့ပေးခဲ့ပါတယ်။ ကားပါကင်မှာရှိတဲ့ သူနာပြုဟာ ၉၁၁ ကို ဖုန်းဆက်ပေးခဲ့ပြီး ကားထဲက ယာဉ်မောင်းအမျိုးသမီးကိုလည်း လူနာတင်ကားရောက်လာတဲ့အထိ ဆေးကုသပေးခဲ့ပါတယ်။

ယာဉ်မောင်းအမျိုးသမီးက မူးဝေသလို ခံစားခဲ့ရပြီး ကားကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမဲ့ ကားကို ထိန်းလို့မရခင်မှာပဲ သတိလစ်သွားခဲ့တယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။ ယာဉ်မောင်းအမျိုးသမီးကို ကူညီပေးခဲ့တဲ့ လူစုကို လေးစားပြီး သူတို့တွေက ဘယ်သူလဲဆိုတာ သိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရဲဌာနက ဗီဒီယိုကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုက လျင်လျင်မြန်မြန်ပဲ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ရဲဌာနက အဲဒီသူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်ပြီး ကယ်ဆယ်ခံရတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗီဒီယို – https://www.facebook.com/watch/?ref=external&v=525223695742536

Ref: CBSNews “Video shows strangers jump out of their cars to help driver who lost control during a medical episode”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top