လူသားတွေက စာအုပ်အဖြစ် အသုံးတော်ခံတဲ့ လူသားစာကြည့်တိုက်

16-5-2022-yyl-09.jpg

ညတစ်ညမှာ သူတို့သူငယ်ချင်းတစ်ယောက် ဓားထိုးခံရလို့ သေဆုံးသွားတဲ့ဖြစ်ရပ်ကြောင့် ရွန်နီအဘာဂျယ်နဲ့ ဒါနီအဘာဂျယ်တို့က လူသားစာကြည့်တိုက် (The Human Library)ကို ဖန်တီးဖြစ်ခဲ့တာပါ။ ဒိန်းမတ်လူငယ် NGO အဖွဲ့ Stop Volden (Stop the Violence)ထဲက လုပ်ဖော်ကိုင်ဖက် ၂ ယောက်နဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့တာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒိန်းမတ်နိုင်ငံမှာ အကြမ်းဖက်မှု လျှော့ချစေနိုင်ဖိုပါပဲ။

လူသားစာကြည့်တိုက်ဆိုတာ လူသားတွေက သူတို့ဘဝမှာ ကြုံရတာတွေကို စာအုပ်တစ်အုပ်လို ပြန်ပြောပြတာမျိုးပါ။ ၂၀၀၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကျင်းပခဲ့တဲ့ Roskilde Festival မှာ လူသားစာကြည့်တိုက်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ ခေါင်းစဉ် ၅၀ ရှိတဲ့ လူသားစာအုပ်တွေကို ခင်းကျင်းခဲ့ပြီး ၁ ရက်ကို ၈ နာရီနှုန်းနဲ့ ၄ ရက်ဆက်တိုက် ကျင်းပခဲ့ရာမှာ လူ ၁၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

အကြမ်းဖက်မှု လျှော့ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လူပုံပန်းသဏ္ဍာန်ကြည့်ပြီး ကြိုတင်ကောက်ချက်ချမှု မလုပ်ကြဖို့၊ ခွဲခြားဆက်ဆံမှု ပပျောက်ဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေ ပါဝင်လာခဲ့ပါတယ်။ လူသားစာကြည့်တိုက်က စစချင်းမှာ တိုးတက်မှု နှေးကွေးခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာ အဲဒီအတွေးအခေါ်က အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေအထိ ပျံ့နှံ့သွားခဲ့ပြီးနောက် တဟုန်ထိုး တိုးတက်လာခဲ့ပြီး နိုင်ငံပေါင်း ၈၅ နိုင်ငံအထိ ပါဝင်လာခဲ့ကြပါတယ်။

စာအုပ်တွေလို အသုံးတော်ခံမယ့် လုပ်အားပေးအားလုံးဟာ သူတို့ဘဝမှာ ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှုတွေ ခံခဲ့ရဖူးပြီး သူတို့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြဖို့ အသင့်ဖြစ်နေသူတွေပါ။ သူတို့ဟာ စာအုပ်အဖြစ် အသုံးတော်ခံဖို့ လေ့ကျင့်ထားသူတွေလည်း ဖြစ်ပါတယ်။

လူသားစာကြည့်တိုက်မှာ ကြိုက်နှစ်သက်ရာ စာအုပ်တစ်အုပ်( လူတစ်ယောက်)ကို နာရီဝက်ကြာ ငှားဖတ်ခွင့် ရမှာပါ။ တကယ်လို့ ဖတ်ရှုလိုသူ တစ်ယောက်ထက် ပိုများနေရင်တော့ တစ်ကြိမ်ကို ၄ ယောက် (သို့) ၅ ယောက်အထိ အများဆုံး ငှားဖတ်နိုင်ပါတယ်။ စာအုပ်အဖြစ် အသုံးတော်ခံမယ့်သူက သူ့ရဲ့ခေါင်းစဉ်ပါ အကြောင်းအရာကို ပြောပြပေးမှာဖြစ်ပြီး စာအုပ်ငှားဖတ်ချင်သူတွေ သိချင်တဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုပေးမှာပါ။

စာအုပ်အဖြစ် အသုံးတော်ခံမယ့်သူရော၊ စာအုပ်ငှားဖတ်မယ့်သူပါ ကိုယ်ရေးကိုယ်တာတွေကို ပွင့်လင်းလွတ်လပ်စွာ ပြောဆိုနိုင်ဖို့အတွက် စိတ်ချလုံခြုံပြီး သက်သောင့်သက်သာရှိမယ့်နေရာကို The Human Library အဖွဲ့အစည်းဘက်က စီစဉ်ပေးမှာဖြစ်ပါတယ်။ တခြားဖတ်ချင်တဲ့သူမရှိသေးဘူးဆိုရင်တော့ စာအုပ်တစ်အုပ်ကို နာရီဝက်ထက်ပိုပြီး ငှားဖတ်ခွင့်ရှိပါတယ်။

” ကျွန်တော်တို့အများစုဆီမှာ အရမ်းကောင်းတဲ့စာအုပ်တွေ ရှိနေပါတယ်။ လူသားစာကြည့်တိုက်ဆိုတာ ဒီစာအုပ်တွေကို တခြားသူတွေ ဖတ်ခွင့်ရအောင် လုပ်ပေးတာပါပဲ”လို့ ရွန်နီအဘာဂျယ်က ပြောပါတယ်။

Ref: Southern Connecticut State University ” The Human Library)

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top