ပြဇာတ်ရုံကို ဝင်ဖျက်ဆီးရင်း သရုပ်ဆောင်မင်းသား ဖြစ်လာခဲ့သူ ဗင်ဒီဆယ်

vi.jpg

၁၉၇၄ ခုနှစ်တုန်းက အသက် ၇ နှစ်အရွယ်ပဲ ရှိသေးတဲ့ မာ့ခ်ဆင့်ကလဲယား၊ အမြွှာအစ်ကို ပေါလ်နဲ့ သူငယ်ချင်းတစ်စုဟာ နယူးယော့ခ်မြို့၊ မန်ဟတ်တန်ရပ်ကွက်မှာရှိတဲ့ Theater for the New City ပြဇာတ်ရုံထဲကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ခိုးဝင်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ပြဇာတ်ရုံရဲ့ အနုပညာဒါရိုက်တာ ခရစ္စတယ်ဖီးလ်က သူတို့ကို လက်ပူးလက်ကြပ်မိသွားလို့ ရဲခေါ်တော့မယ်လို့ ထင်ခဲ့ကြပေမဲ့ ထင်မှတ်မထားတဲ့ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။

သူတို့အနေနဲ့ အပြစ်ပေးမခံချင်ရင် နေ့တိုင်း ညနေ ၄ နာရီမှာ ပြဇာတ်ရုံကို လာ၊ ဇာတ်ညွှန်းစာသားတွေ ကျက်မှတ်ပြီး ပြဇာတ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ပါပဲ။ Dinosaur Door လို့ခေါ်တဲ့ ပြဇာတ်အသစ်မှာ သူတို့ကို ပါဝင်စေခဲ့ပြီး တစ်ပတ်စာအတွက် သရုပ်ဆောင်ခ ဒေါ်လာ ၂၀ ပေးခဲ့ပါတယ်။

မာ့ခ်ဆင့်ကလဲယားဆိုတာကတော့ ဗင်ဒီဆယ်ပါပဲ။ ဒါဟာ သူ့အတွက် ပထမဆုံး သရုပ်ဆောင်အတွေ့အကြုံဖြစ်ပါတယ်။ ဗင်ဒီဆယ်ဟာ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ် တစ်လျှောက်လုံး ပြဇာတ်တွေမှာ ဆက်လက်သရုပ်ဆောင်ခဲ့ပြီး ပထွေးဖြစ်သူ အာဗင်ဗင်းဆင့်ကလည်း သရုပ်ဆောင်နည်းပြနဲ့ ပြဇာတ်ရုံမန်နေဂျာဖြစ်လို့ အနုပညာနယ်ပယ်နဲ့ ပိုထိတွေ့ခွင့် ရခဲ့ပါတယ်။

ဗင်ဒီဆယ်ဟာ ဟောလိဝုဒ်မှာ နေရာတစ်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ၁၉၉၅ ခုနှစ်မှာ Multi-Facial ဆိုတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတိုလေး အောင်မြင်သွားရာကနေ နာမည်ကျော် ဒါရိုက်တာ စတီဗင်စပီးဘတ်က သူ့ကို သတိထားမိသွားပြီး ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Saving Private Ryan ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့တာပါ။

Ref: Vin Diesel’s journey into acting began through an unexpected incident

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top