Once We Were Us ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသား ဂူကျိုဟွမ် ဟာ ဒါရိုက်တာ လီအို့ဆော့နဲ့ လက်ထပ်မှတ်ပုံတင်ထားပြီးဖြစ်ကာ တရားဝင်လက်ထပ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့အေဂျင်စီ Namoo Actors က အတည်ပြုပေးခဲ့တာပါ။
“မင်းသား ဂူကျိုဟွမ် နဲ့ ဒါရိုက်တာ လီအို့ဆော့ တို့ဟာ ချစ်သူတွေအနေနဲ့ နှစ်ရှည်လများအပြန်အလှန်ယုံကြည်အားထားခဲ့ကြပြီး ၂၀၂၂ ခုနှစ်မှာ လက်ထပ်မှတ်ပုံတင်ခဲ့ကြကာ အိမ်ထောင်ဖက်တွေဖြစ်လာခဲ့ကြပါတယ်။ သူတို့နှစ်ဦးက တစ်ဦးနဲ့တစ်ဦး အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေအဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့အနာဂတ်အတွက် နွေးထွေးတဲ့ ဆုမွန်တောင်းစကားတွေနဲ့ အားပေးမှုတွေ ပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဂူကျိုဟွမ် နဲ့ ဒါရိုက်တာ လီအို့ဆော့ တို့က ရုပ်ရှင်လောကမှာ နှစ်ရှည်ကြာတွဲလာခဲ့တဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ဦးက ၂၀၁၃ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး သူတို့ရဲ့ဆက်ဆံရေးကို ၂၀၂၀ ခုနှစ်မှာ လူသိရှင်ကြား အတည်ပြုခဲ့တာပါ။ သူတို့ မင်္ဂလာပွဲမကျင်းပဘဲ လက်ထပ်လက်မှတ်ရေးထိုးပြီး လက်ထပ်ထားတယ်ဆိုတာကတော့ အခုမှာ သိရှိရတာဖြစ်ပါတယ်။
ဂူကျိုဟွမ် ပါဝင်ထားတဲ့ Resurrection Man: The Red ဇာတ်ကားက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထွက်ရှိထားပါတယ်။
Ref: Koo Kyo-hwan, Lee Ok-seop Legally Married Since 2022
WL (ရိုးရာလေး)

