Olympic အားကစားပွဲတွေမှာ အားကစားသမားတွေကို ပထမအကောင်းဆုံး၊ ဒုတိယအကောင်း၊ တတိယအကောင်းဆုံး ဆိုပြီးရွှေ၊ ငွေ၊ ကြေးအသီးသီးပေးတာကိုသိကြမှာပါ။ ရွှေဆုရသူ၊ ငွေဆုရသူ၊ ကြေးဆုရသူတို့ဟာပျော်ရွှင်ရတဲ့သူ၊ ပိုပြီးပျော်ရွှင်ရတဲ့သူ၊ အပျော်ရွှင်ရဆုံးသူစသဖြင့်ဖြစ်လိမ့်မယ်လို့ သင်ထင်နေမိမှာပါပဲ…ဟုတ်တယ်ဟုတ်? ဒါပေမဲ့ ထူးဆန်းစွာပဲ ကြေးဆုရတဲ့သူဟာ ငွေဆုရတဲ့သူထက် ပိုပြီးပျော်ရွှင်ရတယ်ဆိုတာတွေရပါတယ်။ ဒါဟာလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာ ဆန်းကြယ်မှုတွေကနေလာတာဖြစ်ပါတယ်။
“မင်းရွှေဆုရတယ်၊ မင်းကျေနပ်တယ်ပျော်ရွှင်ရတယ်၊ မင်းကြေးဆုရတယ်၊ သြော် အနည်းဆုံးတော့ ငါတစ်ခုခုရခဲ့တာပါပဲ” လို့ ကျေနပ်နိုင်မယ်။ဒါပေမယ့် ငွေဆုရရင်တော့ ဒီလိုဖြစ်လိမ့်မယ် “ဂုဏ်ယူပါတယ်ကွာ၊ မင်းနိုင်တော့မလို့ပဲ၊ ရှုံးသွားတဲ့လူတွေထဲမှာတော့ မင်းဟာနံပါတ်တစ်ပါပဲကွာ၊ နံပါတ်တစ် အရှုံးသမားပေါ့” လို့ 1998 ခုနှစ်မှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်တဲ့ Jerry Seinfeld ကပြောခဲ့ပါတယ်။
အားကစားသမားတွေ အဲဒီလိုတကယ် ခံစားရတယ်ဆိုတာကို လေ့လာဖို့အတွက် ဗစ်တိုးရီးယား မက်ဒက်ဗ် (Victoria Medvec) နဲ့ သောမတ်စ် ဂျီလိုဗစ်ချ် (Thomas Gilovich) ဆိုတဲ့ စိတ်ပညာသုတေသီနှစ်ယောက်ဟာ Toledo University က စိတ်ပညာပါမောက္ခ စကော့တ် မက်ဒေး (Scott Madey) နဲ့ ပူးပေါင်းခဲ့ကြပါတယ်။”Personality and Social Psychology” ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြချက်အရ သုတေသီတွေဟာ ၁၉၉၂ နွေရာသီအိုလံပစ်ပွဲတော်ရဲ့ငွေဆုရသူနဲ့ကြေးဆုရသူအယောက် ၄၀ ကိုရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။ Video မှတ်တမ်းကို Version နှစ်မျိုး ရိုက်ကူးခဲ့ပါတယ်။
ပထမတစ်မျိုးကမည်သည့်ဆုကိုရရှိကြောင်း ကြေငြာလိုက်ချိန်မှာ ချက်ချင်းဖြစ်သွားတဲ့အားကစားသမားတွေရဲ့မျက်နှာပုံစံတွေဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ နာရီအနည်းငယ်ကြာပြီးနောက် ဆုပေးစင်မြင့်ထက်မှာမြင်ရတဲ့ မျက်နှာပုံစံတွေဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပညာသင်ကျောင်းသားတွေကို ဘယ်အားကစားကဘာဆုရတယ်ဆိုတာကို ပြောပြထားခြင်းမရှိဘဲ အားကစားသမားတွေရဲ့မျက်နှာပုံစံကိုကြည့်ပြီး အမှတ်ပေးအကဲဖြတ်စေပါတယ်။
စိတ်ခံစားရခက်နေတဲ့ပုံကို ၁ မှတ်၊ ပျော်ရွှင်ဝမ်းမြောက်နေတဲ့ပုံကို ၁၀ မှတ် ပေးပြီးစမ်းသပ်ခဲ့ကြပါတယ်။ ရလဒ်တွေအရ ကြေးဆုရသူတွေ၊ ငွေဆုရသူတွေထက် ပိုမိုပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ ကြေးဆုရရှိသူတွေရဲ့ရလဒ်ဟာ ကြေငြာပြီးစမှာပျမ်းမျှရမှတ် ၇.၁ ဖြစ်ပြီးတော့ ဆုပေးပွဲစင်မြင့်ထက်မှာ ၅.၇ ဖြစ်ပါတယ်။ ငွေဆုရသူတွေကတော့ ကြေငြာပြီးစ ၄.၈ နဲ့ ဆုပေးပွဲမှာ ၄.၃ သာရရှိခဲ့တာပါ။ ၂၀၀၄ Olympic ပွဲရဲ့ Judo ပြိုင်ပွဲမှတ်တမ်းတွေမှာလည်းပဲ တူညီတဲ့ရလဒ်မှတ်တမ်းထွက်ပေါ်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်က စာတမ်းတစ်ခုမှာတော့ သုတေသီတွေဟာ ဒီလို reaction တွေဟာ ကစားသမားတွေက ကိုယ့်ရဲ့အောင်မြင်မှုကို တွေးတောဝမ်းမြောက်နေရမယ့်အစား”ဖြစ်နိုင်ခဲ့ရမှာ၊ လုပ်နိုင်ခဲ့ရမှာ”ဆိုပြီး နှိုင်းယှဉ်တွေးတောတဲ့ “Counterfactual Thinking”ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ငွေဆုရသူတွေအတွက်ကတော့ သူတို့သာနည်းနည်းပိုကြိုးစားခဲ့ရင်ရွှေဆုရခဲ့လိမ့်မှာဆိုတဲ့ အတွေးဖြစ်နေပြီး ကြေးဆုရသူတွေကတော့ ဘာပဲဖြစ်ဖြစ်ပါလေ ဘာဆုမှမရပဲရှိတော့မလို့ ဆိုတဲ့ အတွေးမျိုးရှိနေတာဖြစ်ပါတယ်။ ဒီလိုတော်တော်လေးကွဲပြားတဲ့အတွေးက ကြေးဆုရရှိသူတွေဟာ သူတို့ရဲ့အောင်မြင်မှုကို ပိုမိုပြီး ကျေနပ်ပျော်ရွှင်ကြတဲ့သဘောကို ပြသနေပါတယ်။
Zuluu (ရိုးရာလေး)