Self-Respect (မိမိကိုယ်ကို ရိုသေလေးစားခြင်း)

self-esteem-816x4251.jpg

များသောအားဖြင့် လူတွေဟာ “ကြီးသူကိုရိုသေ ငယ်သူကိုလေးစား” ဆိုပြီးပြောလေ့ရှိကြပါတယ်။ အလုပ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မိသားစုမှာပဲဖြစ်ဖြစ် နေ့စဉ်တိုင်းမိမိနှင့် တွေ့ကြုံဆက်ဆံနေရတဲ့သူတွေအပေါ် ကြိုးစားပြီး ရိုသေလေးစားမှုတွေ ပြကြတယ်။ တစ်ခါတစ်ရံ လေးစားမှုနဲ့မထိုက်တန်တဲ့ သူတွေအပေါ်မှာတောင် စိတ်ထဲကမပါပေမဲ့လည်း အတင်းကြိတ်မှိတ်ပြီး ရိုသေလေးစားမှုတွေပြရတဲ့ အခါမျိုးတွေရှိကြပါတယ်။

ဒါပေမယ့် ကိုယ့်ကိုကိုယ်ရော လေးစားမှုရှိရဲ့လား။ Self-Respect လို့ခေါ်တဲ့ မိမိကိုယ်ကိုလေးစားမှုဟာ အရေးကြီးလှပါတယ်။ မိမိကိုယ်ကို လေးစားတတ်တယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုတိုးတက်လာမယ်။ ကိုယ့်ကိုကိုယ် ပိုကာကွယ်တတ်လာမယ်။ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ခွန်အားတွေရှိလာမယ်။ အဲဒီတော့ မိမိကိုယ်ကိုလေးစားမှုကို ဘယ်လိုလုပ်တည်ဆောက်မလဲ ဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ “ငါဟာ လူကောင်းတယောက်ဖြစ်တယ်” လို့ပြောပါ

မနက်အိပ်ရာထ အလုပ်သွားဖို့ပြင်ဆင်ရင်း ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရင်း “ငါဟာ လူကောင်းတယောက်ဖြစ်တယ်” ဆိုပြီးပြောပါ။ စပြီးလုပ်တဲ့နေ့မှာတော့ ကသိကအောင့်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အကောင်းပြောပေးဖို့လိုအပ်ပါတယ်။ ဒါဟာမိုက်မဲတဲ့လုပ်ရပ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့မနက်ခင်းကို မကောင်းတာတွေးရင်းနဲ့စတင်မယ်ဆိုရင် တစ်နေ့လုံးမိမိရဲ့စိတ်ဟာ မရွှင်လန်းပဲ မကောင်းတာတွေ စိုးရိမ်ပူပန်တာတွေပဲ တွေးမိနေပါလိမ့်မယ်။ နေ့တိုင်း မိမိရဲ့ကောင်းချက်တခုကို အမြဲသတိရပေးပါ။ အဲဒီအချက်ကို မှန်ရှေ့မှာ မိမိအတွက် ထုတ်ဖော်ပြောဆိုပါ။ ဒီလိုပြောဆိုပေးနေရင်းနဲ့ပဲ တနေ့တာမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုးပွားလာတာကိုတွေ့ရပါလိမ့်မယ်။

၂။ တခြားသူတွေ ကိုယ်ပြောတာကို သဘောမတူတဲ့အခါ စိတ်မကောင်းမဖြစ်ပါနဲ့

အလုပ်နဲ့ပတ်သတ်ပြီး တစ်ခုခုကို ဆွေးနွေးတာပဲဖြစ်ဖြစ်၊ လူမှုကိစ္စ၊ အလှအပရေးရာ ဘယ်လိုအကြောင်းပဲ ဆွေးနွေးပြောဆိုနေပါစေ ကိုယ့်ရဲ့အမြင်ကို တခြားသူက သဘောမတူတဲ့အခါ စိတ်မကောင်းမဖြစ်ပါနဲ့။ သူတို့မှာလည်း သူတို့အမြင်နဲ့ဆွေးနွေးကြတာဖြစ်တယ်။ အဲတော့ ကိုယ့်ရဲ့တင်ပြချက်ကို ငြင်းပယ်ကြတဲ့အခါ သဘောမတူတဲ့အခါ ငါကတော်တော်ညံ့လို့ပဲဆိုပြီး စိတ်မပျက်ပါနဲ့။ ကိုယ့်ကိုကိုယ်ထားရှိတဲ့ယုံကြည်မှုကို သူများတွေရဲ့ အမြင်အပေါ်မှာ မတည်ဆောက်ပါနဲ့။ မိမိရဲ့အမြင်ကိုသူများတွေလက်မခံ သဘောမတူလည်း မိမိဟာတန်ဖိုးရှိတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာကို လက်ခံပါ။

၃။ မိမိရဲ့ အဓိကတန်ဖိုးရှိတဲ့ အရာများကို သတ်မှတ်ပါ

ကိုယ့်ဘဝမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေက ဘာလဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့အချက်တွေက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ အရေးကြီးပါတယ်။ ငါဟာ အချိန်မှန်တာကို တန်ဖိုးထားတယ်။ မြန်မြန်နဲ့တိတိကျကျလုပ်တာကို တန်ဖိုးထားတယ်။ သူငယ်ချင်းတွေရဲ့အခက်အခဲတွေကို နားထောင်ပေးတာကို တန်ဖိုးထားတယ်။ ငါ့တစ်ကိုယ်ရည် ကျန်းမာရေး တန်ဖိုးထားတယ် စတဲ့ မိမိတန်ဖိုးထားတဲ့အရာများကို ဖော်ထုတ်ပါ။ ထို့နောက် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ထိန်းသိမ်းဖို့ကြိုးစားပါ။ ဥပမာ – မိမိဟာ ကိုယ့်ရဲ့ကျန်းမာရေးကို တန်ဖိုးထားတယ်ဆိုရင် အလုပ်ကိုအလွန်အကျွံ မလုပ်မိအောင် နေထိုင်ရမယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်။ အစားအသောက်ဆင်ခြင်ရမယ်။ ဒါတွေလုပ်ခြင်းဟာ ကိုယ့်ကိုကိုယ် စောင့်ရှောက်သလို ကိုယ့်ကိုကိုယ်လေးစားမှုကိုတည်ဆောက်ခြင်းပဲဖြစ်တယ်။

ဒီအချက်လေးတွေကို လက်တွေ့လုပ်ကြည့်ရင်း၊ ကိုယ့်ကိုကိုယ်လေးစားမှု တည်ဆောက်ကြည့်ရင်း တစ်နေ့တာ အခက်အခဲတွေကို ယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်ကြည့်ရအောင်ပါ။

Chan Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top