အမျိုးသမီးတစ်ယောက်ရဲ့ မျက်လုံးထဲမှ မျက်ကပ်မှန် ၂၇ခု ရှာတွေ့

2226882_1280x720.jpg

အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ မျက်လုံးအိမ် ခြောက်သွေ့မှုနဲ့ အသက်ရလာတာတာနှင့်အမျှ အမြင်ဝေဝါးလာမှုကြောင့် အတွင်းတိမ် ခွဲစိတ်မှု ပြုလုပ်ဖို့ ဆရာဝန်ဆီ ပြသခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ၊ ဆိုလီဟောဆေးရုံက ဆရာဝန်တွေကတော့ သူမမျက်လုံးရဲ့ပြဿနာ အစစ်အမှန်ဟာ ညာဘက်မျက်လုံးထဲ နစ်ဝင်နေတဲ့ မျက်ကပ်မှန် ၂၇ခု ကြောင့်ပါလို့ ဆိုပါတယ်။

ဒီအမျိုးသမီးဟာ ခွဲစိတ်ဖို့မလာခင်အထိ မျက်လုံးနဲ့ပတ်သက်လို့ ပြဿနာကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဆိုပါဆေးရုံမှာ အလုပ်လုပ်တဲ့ မေ့ဆေးဆရာဝန် ရစ်ချက်ခရွန်ဘီ ပြောကြားချက်အရ သူဟာမျက်လုံးထဲကို ထုံဆေးစတင်ပေးတဲ့အချိန်မှာ အရင်ဆုံး မျက်ကပ်မှန် အစလေးတစ်စကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက် စစ်ဆေးကြည့်တဲ့အခါမှာ မျက်ကပ်မှန် ၁၇ခုကို တွေ့ရှိရပြီး အသေးစိတ်ထပ်စစ်ပြီးတဲ့နောက် နောက်ထပ် ၁ဝခုကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အကုန် လန့်သွားတယ်။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး” လို့ ပြောပါတယ်။ အမေရိကန် မျက်စိရောဂါတက္ကသိုလ်က ဒေါက်တာ သောမတ်စ် အယ်လ်. စတိန်းမန်း (Thomas L.Steinemann) ကတော့ သူဟာမျက်လုံးထဲ မျက်ကပ်မှန်တစ်ခု နစ်မြှုပ်နေတဲ့လူနာကို တွေ့ဖူးပေမယ့် ၂၇ခုတောင် မြှုပ်နေတဲ့သူ ကိုတော့ မတွေ့ဖူးသေးပါဘူးလို့ ဆိုပါတယ်။ ဒီတစ်ယောက်ကတော့ စံချိန်တင်ပါတယ်လို့ သူကကောက်ချက်ချပါတယ်။

ဒီအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၃၅နှစ်လုံးလုံး မျက်ကပ်မှန် တပ်ဆင်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပိုင်းအစတွေဟာ သူမရဲ့မျက်လုံးထဲမှာရှိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ မှန်းဆရခက်ပါတယ်။ သူမက ဆရာဝန်တွေကို ပြောပြပါတယ်။ မျက်ကပ်မှန်လဲဖို့ ဒါမှမဟုတ် ဖယ်ထုတ်ဖို့ကြိုးစားရင် တစ်ခါတစ်လေ သူတို့ကို ရှာမတွေ့တော့ပါဘူးတဲ့။ ညာဘက်မျက်လုံးထဲမှာ မျက်ကပ်မှန် အစပေါင်း ၂၇ခု တွေ့ရပေမယ့် ဘယ်ဘက်မျက်လုံးကတော့ ပုံမှန်အတိုင်း ဖြစ်ပါတယ်။ ညာဘက်မျက်လုံးဟာ ပိုပြီးအမြင်ချို့တဲ့ပါတယ်။ အရင်က မသိခဲ့တာကတော့ သူမဟာ ပုံမှန် မျက်လုံးစစ်ဆေးမှုကို မပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ မျက်ကပ်မှန်တပ်ဆင်သူများ သတိမူရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။

မျက်ကပ်မှန်တွေ မျက်လုံးထဲမှ နစ်မြှုပ်ကျန်နေခဲ့ခြင်းရဲ့ လက္ခဏာတွေကတော့ စူးပြီးနာကျင်ခြင်း၊ အလင်းရောင် မခံနိုင်ခြင်း၊ မျက်လုံးနီမြန်းလာတတ်ခြင်းနဲ့ မျက်လုံးအိမ် ခြောက်သွေ့လာခြင်း တို့ပဲဖြစ်ပါတယ်။ ဒေါက်တာ စတိန်းမန်းကတော့ သူ့ရဲ့လူနာတွေကို မျက်ကပ်မှန် အပျော့တွေတပ်ဖို့ အကြံပြုပါတယ်။ ဒီအမျိုးသမီးရဲ့ မျက်လုံးတိမ် ခွဲစိတ်မှုဟာ မျက်ကပ်မှန်တွေကြောင့် အချိန်နောက်ဆုတ်ခဲ့ရပါတယ်။ နှစ်ပတ်လောက်ခွာပြီးမှ ပြန်လည်ခွဲစိတ်ပေးခဲ့ရပါတယ်။

Ref : CNN : Doctors find 27 contact lenses in woman’s eye

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top