H1N1 ရောဂါပိုးက စိုးရိမ်စရာလား

Influenza-h1n1.jpg

ဒေါက်တာတင့်ဆွေရဲ့ Facebook စာမျက်နှာမှာရေးသားထားတဲ့ H1N1 ဆောင်းပါးထဲကအချို့ကို ပြန်လည်ဖော်ပြပါရစေ။


“H1N1 flu ကို swine flu လို့လည်းခေါ်ပါတယ်။ တုပ်ကွေးတစ်မျိုးဖြစ်တယ်။ ဝက်တွေမှာစဖြစ်တယ်။ လူကိုကူးနိုင်တယ်။ ၂ဝဝ၉ ခုနှစ်တုန်းက ကမ္ဘာမှာ ကပ်ရောဂါလို ပြန့်ခဲ့တယ်။ ကြောက်စရာတော့ မဟုတ်တော့ပါ။ ဥတုအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးနဲ့တူတယ်။

ကာကွယ်ဆေးပေါ်နေပြီ။ တစ်နှစ်တစ်ခါ ထိုးရတယ်။ ကူးစက်ခံရရင် နှာချေမယ်။ ချောင်းဆိုးမယ်။ ဗိုင်းရပ်စ်တွေပါနေမယ်။ သူများကိုကူးစက်မယ်။ ကိုယ်လည်း အဲလိုက နေကူးလာတာ။ တစ်ရက်နေရင် ရောဂါစခံစားရတယ်။ (၇) ရက်ကနေ (၁ဝ) ရက်အထိ ကြာတတ်တယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်၊ ကိုယ်လက်တွေနာ၊ ချမ်း၊ အားကုန်နေမယ်။ တချို့မှာ အသက်ရှူခက်မယ်။ အန်မယ်။ ဗိုက်နာမယ်။ ခေါင်းမူးမယ်။ စိတ်မကြည်မလင်ဖြစ်မယ်။ ကံမကောင်းရင် နူမိုးနီးယား ဆက်ဖြစ်တတ်တယ်။ ဆီးချို၊ ပန်းနာ အခံရှိသူတွေ ကူးစက်ခံရရင် အခံရောဂါ ပိုဆိုးတတ်တယ်။ ဝက်သားစားလို့မကူးပါ“ လို့ ဒေါက်တာတင့်ဆွေက ရေးသားထားပါတယ်။

ကာကွယ်ဆေးအနေနဲ့တော့ ၂၀၀၉ ခုနှစ်က ထုတ်တဲ့ H1N1 ရှူဆေးနဲ့ ထိုးဆေး နှစ်မျိုးလုံး ရှိနေပြီးတော့ “ကြက်ဥနဲ့ မတည့်တဲ့လူတွေ ဒီဆေးနဲ့မတည့် ဖြစ်တတ်တယ်။ ထိုးဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာတွေ ဖြစ်တတ်တယ်။ နဲနဲဖျားမယ်။ ကိုက်ခဲမယ်။ (၁) ရက် (၂) ရက်လောက်ပါဘဲ။ ရှူဆေးကတော့ နှာရည်ယို၊ ခေါင်းကိုက်၊ အန်ချင်၊ ကိုက်ခဲ၊ ကိုယ်ပူတာတွေ ဖြစ်နိုင်တယ်။ နောက်ပိုင်း ရှူဆေးကို ဆက် မသုံးတော့တာ တွေ့ရတယ်။ သိထားဘို့က ဒီထုတ်ပြန်ချက်တွေဟာ ဆေးကုမ္ပဏီတွေကနေ၊ တွေ့သိသလောက်ကို ပြောတာတွေသာ ဖြစ်တယ်။ မသိနိုင်တာတွေလည်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ အကြောက်ကြီး ကြောက်ဖို့တော့ မလိုပါ” လို့ ရေးသားထားပါသေးတယ်။


wikiHow Website မှာ ဖော်ပြထားချက်အရတော့ H1N1 ကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုမယ်လို့ သိရပါတယ်။

H1N1 ရောဂါပိုးမကူးစက်နိုင်အောင်

ကာကွယ်ဆေးထိုးထားပါ။  H1N1 ဟာ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးစတဲ့ mucus membrane နေရာတွေက တဆင့် ကူးစက်နိုင်တာမို့ mask သုံးပါ။ လက်ကို မကြာခဏ ဆေးကြောပေးပါ။ နေ့စဉ် ထိတွေ့နေတဲ့ စားပွဲ၊ တံခါးလက်ကိုင် စတာတွေကို alcohol  ပါဝင်တဲ့ သန့်စင်ဆေးရည်တွေနဲ့ ပွတ်တိုက်သန့်စင်ပေးပါ။ လေ့ကျင့်ခန်း/ ကိုယ်လက်သန့်စင်မှု ပုံမှန်လုပ်ပြီး ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ထားပါ။

ကိုယ်လက်သန့်ရှင်းမှုကိုဂရုစိုက်ပါ

လက်သန့်စင်မှုကို အထူးဂရုစိုက်ပါ။ မျက်လုံး၊ နှာခေါင်းနဲ့၊ ပါးစပ်တို့ကို လက်နဲ့ မကြာခဏ ထိတို့မိနေတာမျိုး မဖြစ်အောင် ရှောင်ကြဉ်ပါ။ ပန်းကန်၊ ဇွန်း စတဲ့ နေ့စဉ်အသုံးအဆောင်တွေကို ဖြစ်နိုင်ရင် မိမိတစ်ယောက်တည်းသာ သုံးစွဲပါ။ တခြားသူနဲ့ မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

ရောဂါလက္ခဏာတွေကိုလေ့လာပါ

ရှေ့မှာ ရောဂါလက္ခဏာတွေကို ဖော်ပြခဲ့တာမို့ ဒါတွေ ဖြစ်ပွားနေခြင်း ရှိ မရှိကို စောင့်ကြည့်ပါ။ ကိုယ့် ပတ်ဝန်းကျင်က ဖျားနာသူတွေကိုလည်း ဂရုတစိုက် စောင့်ကြည့်ပေးပါ ။ H1N1 နဲ့ ဆိုင်တဲ့ ဗဟုသုတတွေကို ရှာဖွေဖတ်ပြီး အများနဲ့ မျှဝေပါ။

H1N1 ကူးစက်ခံရပြီဆိုရင်

H1N1 ကြောင့်ဖြစ်ဖြစ်၊ အခြားတုပ်ကွေးဖျားနာမှုကြောင့်ပဲဖြစ်ဖြစ် ဖျားနာခဲ့ရင် ဆေးဝါးကုသမှု အမြန်ဆုံးခံယူပါ။ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် ပင်ပန်းရင် နာလန်ထူဖို့ခက်တာမို့ အိမ်မှာပဲ အနားယူပါ၊ မိမိကတဆင့် သူတပါးကို မကူးစက်မိအောင် ဂရုစိုက်ပါ။ face mask သုံးပါ ။ နှာချေချောင်းဆိုးတဲ့အခါ လက် သို့မဟုတ် လက်ကိုင်ပဝါနဲ့ ဖုံးအုပ်ပါ။

Ref: Dr.Tint Swe ‘s Facebook၊ WikiHow: “How to avoid H1N1 “

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top