တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကတော့ ဗြိတိန်၊ အမေရိကန်နိုင်ငံတွေအပါအဝင် တခြားနိုင်ငံ ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူ ၄၅၀ ကျော်ရှိသလို ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀ဝကျော် ရှိနေပါတယ်။ ကူးစက်ရောဂါသစ်တွေ ပျံ့နှံ့လာတာကို ”တစ်ခါတလေဖြစ်တဲ့ကိစ္စ”လို့ ထင်မြင်နေကြပါတယ်။ လူသားတွေအနေနဲ့ တိရစ္ဆာန်တွေ သယ်ယူလာတဲ့ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ခြေရှိနေတယ်ဆိုတာကို ကိုရိုနာဗိုင်းရပ်စ်သစ်က မီးမောင်း ထိုးပြလိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုရိုနာ ဗိုင်းရပ်စ်သစ်ဟာ တိရစ္ဆာန်ကနေ(လင်းနို့ကတစ်ဆင့် ကူးစက်ခဲ့ခြင်းဟု ဆို) အစပြုခဲ့လို့ပါပဲ။ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးလူး ဆက်ဆံမှုက တိရစ္ဆာန်တွေနဲ့ လူသားတွေကြား တုံ့ပြန်လှုပ်ရှားမှုကို ပြောင်းလဲစေခဲ့လို့ အနာဂတ်မှာ ဒီလိုပြဿနာတွေ ပိုကြီးလာနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ တိရစ္ဆာန်တွေကနေ လူတွေဆီကို ဆင့်ကဲကူးစက်ခဲ့လို့ ကူးစက်ရောဂါ တော်တော်များများ အချိန်တိုအတွင်း ကူးစက်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေမှာ လူဝံကနေအစပြု ခဲ့တဲ့ HIV/AIDS ကူးစက်ပျံ့နှံ့မှု၊ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်းမှာ ငှက်တွေကနေ ကူးစက်ခဲ့တဲ့ ငှက်တုပ်ကွေးပျံ့နှံ့မှု၊ ၂၀၀၉ ခုနှစ်မှာ ဝက်တွေကနေ ကူးစက်တဲ့ ဝက်တုပ်ကွေးပျံ့နှံ့မှု၊ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်ကြားကာလကလည်း လင်းနို့တွေကနေ တစ်ဆင့် ကြောင်ကတိုးဆီ ကူးစက်သွားရာကနေ အစပြုခဲ့တဲ့ SARS ဗိုင်းရပ်စ်တွေ ဖြစ်ပွားခဲ့ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကို ကူးစက်ပျံ့နှံ့စေခဲ့တာကလည်း လင်းနို့တွေပါပဲ။ လူသားတွေက တိရစ္ဆာန်တွေဆီ ကနေ ရောဂါပိုးမွှားတွေ အမြဲတမ်းကူးစက်ခံခဲ့ရပါ တယ်။ အချက်ကျကျ ပြောရရင် ကူးစက်ရောဂါသစ် အများစုက တိရစ္ဆာန်တွေဆီကနေ အစပြုလာတာပါ။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုက ဒီဖြစ်စဉ်ကို အရှိန်ရစေခဲ့တယ်။ မြို့ပြတွေမှာ နေထိုင် သူ ပိုများလာပြီး နိုင်ငံတကာ ခရီးသွားလာမှုတွေ မြင့်တက်လာလို့ ကူးစက်ရောဂါသစ်တွေ ဖြစ်ပြီ ဆိုတာနဲ့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားနိုင်တာပေါ့။ တိရစ္ဆာန်အများစုက ရောဂါဖြစ်ပွားစေနိုင်တဲ့ ပက်သိုဂျင်(pathogen – ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ် များကို ပေါင်းစပ်ခေါ်ဝေါ်) တော်တော်များများ သယ်ဆောင်နိုင်ပါတယ်။ ပက်သိုဂျင်ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ ရှင်သန်နိုင်စွမ်းက ကူးစက်ခံရသူ တွေအပေါ် မူတည်ပါတယ်။ အဲဒီလိုရှင်သန်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ တခြားမျိုးစိတ် တွေဆီ ကူးပြောင်းဖို့ပါပဲ။ ပက်သိုဂျင် ကူးစက်ခံရသူ ရဲ့ ကိုယ်ခံအားစနစ်တွေက ပက်သိုဂျင်ကို တိုက်ဖျက် ဖို့ ကြိုးစားကြပါတယ်။ အဲဒီနောက်မှာ ပက်သိုဂျင်နဲ့ ကိုယ်ခံအားစနစ်ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချေမှုန်းနိုင်ရေးအတွက် နည်းလမ်းသစ်တွေရှာဖွေဖို့ ဆင့်ကဲပြောင်းလဲမှုတွေ လုပ်ကြပါတယ်။ ဥပမာပြောရရင် ၂၀၀၃ ခုနှစ်မှာ SARS ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခဲ့ချိန်တုန်းက ဗိုင်းရပ်စ်ကူးစက်ခံရသူရဲ့ ၁၀ ရာခိုင်နှုန်း လောက် သေဆုံးခဲ့ပြီး တုပ်ကွေးရောဂါကတော့ ကူးစက်ခံရသူရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းအောက်ပဲ သေဆုံးလေ့ရှိပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုတွေက တိရစ္ဆာန်တွေရဲ့စားကျက်တွေကို ပျောက်ဆုံးစေပြီး အသွင်ပြောင်းစေပါတယ်။ ဒါတင်မကဘဲ သူတို့ ရဲ့ နေထိုင်မှုပုံစံ၊ နေရာနဲ့ အစားအစာတွေကိုပါ ပြောင်းလဲသွားစေခဲ့ပါတယ်။ လူတွေရဲ့ နေထိုင်မှုပုံစံ ကလည်း ပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ မှာ မြို့ပြမှာနေထိုင်သူ အရေအတွက်က ကမ္ဘာ့လူဦးရေရဲ့ ၃၅ ရာခိုင်နှုန်းပဲရှိပေမဲ့ အခုအချိန်မှာတော့ မြို့ပြမှာ နေထိုင်သူက ၅၅ ရာခိုင်နှုန်း ရှိလာခဲ့ပါပြီ။ မြို့ပြကြီး တွေက ကြွက်၊ ရက်ကွန်း၊ ရှဥ့်၊ မြေခွေး၊ ငှက်၊ ခွေးအနဲ့ မျောက်တွေအတွက် ခိုလှုံစရာနေရာသစ်တွေဖြစ်လာ ခဲ့ပါတယ်။ အဲဒီသတ္တဝါတွေက ဥယျာဉ်၊ ပန်းခြံ အစ ရှိတဲ့နေရာတွေမှာနေပြီး လူတွေစွန့်ပစ်တဲ့အမှိုက်တွေ ကို စားကြပါတယ်။ မြို့ပြမှာ အစားအသောက်ပေါများတဲ့အတွက် သားရဲတိရစ္ဆာန်တွေက တောထဲမှာထက် မြို့ပြမှာ ရှင်သန်ရတာ ပိုအဆင်ပြေကြပါတယ်။ အဲဒီ အတွက် မြို့ပြနေရာတွေကလည်း ရောဂါပိုးမွှားတွေ အပြောင်းအလဲဖြစ်ပေါ်တဲ့နေရာတစ်ခု ဖြစ်လာတာပါ။ ကူးစက်ခံမျိုးစိတ်ပြောင်းလဲလာတဲ့ ရောဂါသစ်တွေက မကြာခဏအားဖြင့် အန ္တရာယ်ပိုများပါတယ်။ အဲဒါကြောင့် ရောဂါသစ်တွေဖြစ်လာရင် စိုးရိမ်ပူပန်ကြ တာပါ။ တချို့လူတွေက တခြားလူတွေနဲ့နှိုင်းယှဉ်ရင် ရောဂါကူးစက်နိုင်ခြေပိုများပါတယ်။ မြို့ပြမှာနေထိုင် တဲ့ဆင်းရဲသားတွေက သန့်ရှင်းရေး၊ မိလ္လာစနစ် အစ ရှိတဲ့ အလုပ်တွေလုပ်ရလေ့ရှိလို့ ရောဂါရင်းမြစ်တွေ၊ ရောဂါသယ်ဆောင်သူတွေနဲ့ ထိတွေ့နိုင်ခြေ ပိုများပါ တယ်။ သူတို့က အာဟာရမပြည့်ဝတာ၊ လေထုအရည် အသွေး ညံ့ဖျင်းတာ၊ မသန့်စင်တဲ့ အခြေအနေတွေမှာ နေထိုင်ရတာ အစရှိတဲ့ကိစ္စတွေကြောင့် သူတို့တွေက ကိုယ်ခံအားစနစ် အားနည်းနိုင်ပါတယ်။ ဒါ့အပြင်သူတို့ တွေက နာမကျန်းဖြစ်ရင် ကုသဖို့အတွက် ဆေးဖိုးဝါးခ မတတ်နိုင်တာမျိုး ဖြစ်လေ့ရှိပါတယ်။ မြို့ကြီးတွေမှာ လူအရမ်းထူထပ်ပြီး လေထုတစ်ခုတည်းကို ရှူရှိုက်ရတာ၊ တချို့နေရာတွေကို ထိတွေ့ ကိုင်တွယ်သူများတာ စတဲ့ အခြေအနေတွေကြောင့် ကူးစက်ရောဂါသစ်တွေ အလွယ်တကူ ကူးစက်ပျံ့နှံ့ နိုင်ပါတယ်။ တချို့နိုင်ငံတွေဟာ မြို့ပြမှာ တွေ့ရတဲ့ တိရစ္ဆာန်တွေကို စားသောက်လေ့ရှိပါတယ်။
လက်ရှိအချိန်အထိတော့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူ ၁၇၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၆၁ ဦး ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှု ကို တားဆီးကာကွယ်ဖို့ ကြိုးစားနေတဲ့နိုင်ငံတွေမှာ စီးပွားရေးဆိုင်ရာ ဆင့်ကဲသက်ရောက်မှုတွေ ကြုံနေရ တာ ထင်ရှားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက် ပျံ့နှံ့ခဲ့ပြီးနောက်မှာ လေကြောင်းလိုင်းတော်တော်များ များက တရုတ်နိုင်ငံထံ လေကြောင်းခရီးပြေးဆွဲနေတာ ကို ရပ်တန့်ခဲ့ကြပါတယ်။ တစ်နိုင်ငံ၊ စနစ်နှစ်ခုပုံစံနဲ့ တရုတ်နိုင်ငံလက်အောက်မှာရှိနေတဲ့ ဟောင်ကောင် မြို့ကတောင် တရုတ်နိုင်ငံနဲ့ ရထားပြေးဆွဲမှု၊ ကူးတို့ ပြေးဆွဲမှုတွေကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီအခြေအနေ ကို မကျေနပ်တဲ့ ဟောင်ကောင်မြို့ ကျန်းမာရေး ဝန်ထမ်းတွေက နယ်စပ်ကို လုံးဝပိတ်ပစ်ဖို့ သပိတ် မှောက်တောင်းဆိုနေကြပါတယ်။ တချို့နိုင်ငံတွေက ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေ မရှိရင်တောင် လူတွေက ဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်ပြီး ကူးလူးဆက်ဆံကြဖို့ ကြောက်ရွံ့နေပါတယ်။ အဲဒါကြောင့် နယ်စပ်ဖြတ်ကျော်ဖို့ ပိုခက်ခဲလာပြီး ရွှေ့ပြောင်းလုပ်သားတွေ နေရာရွှေ့ပြောင်းမရဖြစ်နေ ကြသလို အပိုပစ္စည်းပံ့ပိုးမှုတွေလည်း ပြတ်လပ်နေပါ တယ်။ ဒါဟာ အခုလိုဗိုင်းရပ်စ်ပျံ့နှံ့မှုတွေ ဖြစ်ပွားရင် ကြုံနေကြပုံစံပါပဲ။ ၂၀၀၃ ခုနှစ်မှာ SARS ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့လို့ ခြောက်လအတွင်း ကမ္ဘာ့စီးပွားရေး ကို အမေရိကန်ဒေါ်လာ ၄၀ ဘီလျံလောက် ထိခိုက်စေခဲ့ပါတယ်။
လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေကတော့ ကူးစက်ရောဂါသစ်တွေ ဖြစ်ပွားလာတာကို ကမ္ဘာကြီး ပြောင်းလဲလာတဲ့ လက္ခဏာလို့ သတ်မှတ်ရမယ့်အစား ကူးစက်ရောဂါသစ်တစ်မျိုးချင်းစီကို သီးခြားဖြစ်ရပ် တစ်ခုလို သတ်မှတ်ပြီး ကုသဖို့ စိတ်ဆန္ဒရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလေလေ၊ ဇီဝဂေဟ စနစ်တွေ ပိုပျက်စီးနိုင်ပြီး ရောဂါသစ်တွေ ပေါ်ပေါက် စေမယ့် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးသလိုဖြစ် စေမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ပက်သိုဂျင်ရဲ့၁ဝရာခိုင်နှုန်း လောက်ကိုပဲ မှတ်တမ်းတင်ထားနိုင်ပါတယ်။ ကျန်တဲ့ ပက်သိုဂျင် ၉၀ ရာခိုင်နှုန်းလောက်ကို ခွဲခြားနိုင်ဖို့နဲ့ ဘယ်တိရစ္ဆာန်တွေက သယ်ဆောင်နေလဲဆိုတာကို သိရနိုင်ဖို့ ငွေကြေး၊ လူအင်အား အစရှိတဲ့ ရင်းမြစ်တွေ ပိုလိုအပ်ပါတယ်။ ဥပမာပေးရရင်တော့ လန်ဒန်မြို့မှာ ကြွက်အများအစား ဘယ်နှစ်မျိုးလောက်ရှိလဲ၊ အဲဒီ ကြွက်တွေက ဘယ်လိုရောဂါပိုးတွေ သယ်ဆောင်နေ လဲဆိုတာမျိုးပေါ့။ မြို့ပြမှာနေထိုင်သူတွေက မြို့ပြ တိရစ္ဆာန်တွေကို တန်ဖိုးထားကြပါတယ်။အဲဒီတိရစ္ဆာန်တွေက ဘယ်လောက်အန ္တရာယ်ဖြစ်စေနိုင်လဲဆိုတာ ကိုလည်း ကျွန်တော်တို့ ပိုင်းခြားနိုင်ဖို့ လိုအပ်ပါတယ်။ မြို့တွေမှာ ဘယ်တိရစ္ဆာန်တွေအသစ်ထပ်ရောက် လာလဲ၊ လူတွေက အဲဒီတိရစ္ဆာန်တွေကို သတ်စားနေ လား၊ ပတ်ဝန်းကျင်ဒေသတွေကနေ စျေးတွေထဲကို ပို့ဆောင်နေလားဆိုတာ စောင့်ကြည့်ဖို့ လိုအပ်ပါ တယ်။ ရေဆိုးစွန့်တဲ့စနစ်၊ အညစ်အကြေးစွန့်ပစ်မှု နဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး တိုးတက်ကောင်းမွန် လာအောင်လုပ်တာက ကူးစက်ရောဂါတွေ ဖြစ်ပေါ် တာ၊ ကူးစက်ပျံ့နှံ့တာကို တားဆီးရာမှာ အထောက် အပံ့ဖြစ်စေမယ့် နည်းလမ်းတွေပါ။ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ပြောရရင်တော့ ကျွန်တော်တို့ရဲ့သဘာဝ ပတ်ဝန်းကျင်စီမံခန့်ခွဲနေတဲ့ နည်းလမ်းတွေ၊သဘာဝ ပတ်ဝန်းကျင်နဲ့ လူသားတွေကြား တုံ့ပြန်ဆက်ဆံတဲ့ နည်းလမ်းကို ပြောင်းလဲဖို့ပါပဲ။
ရောဂါသစ်တွေဖြစ်ပေါ်နေပြီး အခုလိုကူးစက်ပျံ့နှံ့ နေတာက ပုံစံနောက်တစ်မျိုးနဲ့ စဉ်းစားရင်တော့ ကပ်ရောဂါသစ်တွေကို တိုက်ဖျက်ရာမှာ ကျွန်တော် တို့ကို အားကောင်းစေပါတယ်။ ကပ်ရောဂါသစ်တွေ ဆိုတာ ကျွန်တော်တို့ရဲ့အနာဂတ်မှာ ရှောင်လွှဲမရနိုင် တဲ့ အရာတွေပါ။ လွန်ခဲ့တဲ့ရာစုနှစ်မှာ စပိန်တုပ်ကွေး ကပ်ရောဂါဖြစ်တုန်းက လူသန်း ၅၀၀ လောက်ကူးစက် ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းမှာ လူသန်း ၅၀ ကနေ သန်း ၁၀၀ ကြား သေဆုံးခဲ့ပါတယ်။ သိပ္ပံပညာတိုးတက်ထွန်းကားလာပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ်တွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက် စပိန်တုပ်ကွေးလို ရောဂါမျိုး ကို အနာဂတ်ကာလမှာ ကောင်းကောင်းမွန်မွန်စီမံ ခန့်ခွဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အလားတူရောဂါမျိုးသာ ထပ်ဖြစ်လာရင် ကပ်ဘေးဆိုက်မယ့် အခြေအနေမျိုး ရှိနေဆဲပါပဲ။ အဲဒီလိုဆိုရင် ကမ္ဘာကြီးကို ပုံစံပြောင်းလဲ သွားစေမှာပါ။ ပြီးခဲ့တဲ့ဆယ်စုနှစ် အလယ်ပိုင်းလောက် တုန်းကတော့ အနောက်နိုင်ငံတချို့က ကူးစက်ရောဂါ တွေကို နှိမ်နင်းအောင်မြင်ခဲ့ပြီလို့ ကြေညာခဲ့ကြဖူးပါ တယ်။ ဒါပေမဲ့ မြို့ပြလူနေမှုပုံစံ၊ တစ်စထက်တစ်စ ကြီးထွားလာတဲ့ တန်းတူညီမရှိမှု၊ ရာသီဥတုပြောင်းလဲ မှုတွေက ကျွန်တော်တို့ရဲ့ ဇီဝဂေဟစနစ်ကို အနှောင့်အယှက်ပေးနေလို့ ကူးစက်ရောဂါသစ်တွေ ဖြစ်ပွားမှု မြင့်တက်လာတယ်ဆိုတာကိုတော့ လက်ခံထားဖို့ လိုပါလိမ့်မယ်။
Nz (ရိုးရာလေး)