ကလေးတွေ စမတ်ဖုန်း အသုံးပြုခြင်းကနေ ရလာမယ့် ဆိုးကျိုးများ

children-using-smart-phone-PM735L9.jpg

စွဲလမ်းမှုကုထုံးပညာရှင်တစ်ဦး က “ခင်ဗျားတို့ရဲ့ကလေးတွေကို စမတ်ဖုန်း အသုံးပြုစေခြင်း က သူတို့တွေကို ကိုကင်း တစ်ဂရမ် ပေးလိုက်သလိုပါပဲ” ဆိုပြီး သတိပေး ပြောကြားလိုက်ပါတယ်။

လန်ဒန်မှာ ပြုလုပ်သွားတဲ့ ပညာရေး ဆွေးနွေးပွဲ တစ်ခုမှာလည်း ဆရာ၊ ဆရာမတွေ နဲ့ ကျောင်းသားခေါင်းဆောင်တွေက ဆယ်ကျော်သက်အရွယ်တွေကြားမှာ Snapchat, Instagram နဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲနေတာတွေက မူးယစ်ဆေးနဲ့ အရက် စွဲတာထက်တောင် ပိုအန္တရာယ်ရှိတယ်ဆိုပြီး ပြောသွားတယ်လို့ သိရှိရပါတယ်။ စစ်တမ်းအရ ၁၂နှစ်ကနေ ၁၅နှစ် ဗြိတိန်ကလေးတွေမှာ ကိုယ်လက်လှုပ်ရှားမှုနဲ့ screen အသုံးပြုမှုတွေဟာ မျှတမှု မရှိလှပါဘူး။

Harley Street rehab လို့ နာမည်ရတဲ့ ပုဂ္ဂလိက ဆေးရုံရဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ပါရဂူ မန်ဒီ ဆလီဂါရီ (Mandy Saligari) က “ကျွန်မ အမြဲတမ်း ပြောလေ့ရှိတဲ့ စကားကတော့ ရှင်တို့ကလေးတွေကို ဖုန်း (သို့) တက်ဘလက် ပေးလိုက်တာက ဝိုင်တစ်ပုလင်း (သို့) coke တစ်ဂါလံပေးတာနဲ့ အတူတူပါပဲ” လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် “ရှင်တို့ရဲ့ နောက်ကွယ်မှာ ကလေးတွေကို သူတို့ဘာသာ သိချင်တာမှန်သမျှကို အတားအဆီးမရှိ စူးစမ်းစေချင်လား” နဲ့ “မူးယစ်ဆေးဝါး၊ အရက် စွဲနေတဲ့သူတွေလိုပဲ ဖြစ်စေတဲ့ ဒီအရာတွေကို ဂရုစိုက်သင့်တယ် မဟုတ်ဘူးလား” လို့လည်း ဆက်လက်ပြောခဲ့ပါသေးတယ်။

သူက “တစ်ခုခုကို စွဲလမ်းလာတဲ့အခါမျိုးမှာ အကြည့်တွေက အဲဒီ စွဲလမ်းနေတဲ့ တစ်ခုခု အပေါ်မှာပဲ ရှိနေတတ်ပါတယ်။ တကယ်တော့ ဒါဟာ မပြောဘဲ သိသာစေတဲ့ အပြုအမူ ပုံစံ တစ်မျိုးလည်း ဖြစ်နေပါတယ်။ ဥပမာ – အစားအသောက် အလွန်အကြူး စွဲလမ်းနေသူလိုမျိုး၊ လိင်ပိုင်းဆိုင်ရာ အသားပေးတဲ့စာနဲ့ ပုံတွေ ပို့တာမျိုးတွေပေါ့” လို့ ဥပမာပေး ပြောထားပါသေးတယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာ အွန်လိုင်းကို အသုံးပြုပြီး အများမြင်လို့ မသင့်တော်တဲ့အရာတွေ ပို့တာ၊ လက်ခံတာမျိုးတွေ အတော်လေး ပြုလုပ်လာကြပါတယ်။ လန်ဒန်မှာ ဆရာ၊ဆရာမ ၁၅၀၀ကျော်ကို စစ်တမ်း ကောက်ခံမှုအရ ၃ပုံ ၂ပုံလောက်က သူတို့တပည့်တွေမှာ လိင်ပိုင်းဆိုင်ရာ စာတွေ၊ ပုံတွေ မျှဝေကြတာကို သတိပြုမိတယ်ဆိုပြီး ပြောကြပါတယ်။ ဒီလိုကိစ္စတွေက တစ်ဆင့် ကလေး ၂ထောင်ကျော်မှာ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်ပွားလာတယ်လို့လည်း သိရပါတယ်။

မိန်းကလေးငယ် တော်တော်များများက သူတို့တွေရဲ့ ဗလာကျင်း ခန္ဓာကိုယ်ကို ဓာတ်ပုံရိုက်ပြီး တခြားတစ်ယောက်ကို ပို့တာက သိပ်အထွေအထူး မဟုတ်ဘူးလို့ ယူဆကြလေ့ရှိပြီး သူတို့မိဘ၊ အုပ်ထိန်းသူ၊ အကြီးအကဲတွေ သိသွားရင်သာ ဒါဟာ မှားသွားပြီလို့ ထင်လေ့ရှိကြတာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် လေးစားမှုနဲ့ ဆိုင်တဲ့ပြဿနာတစ်ရပ်ပဲ” ဆိုပြီး မန်ဒီ က ကောက်ချက်ချ ပြောဆိုထားပါတယ်။

ဆယ်ကျော်သယ်အရွယ်တွေက အင်တာနက် အသုံးပြုတာလိုမျိုး အရာတွေမှာ အချိန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီလိုစွဲလမ်းမှုကို စောစောစီးစီး သတိပြုမိတဲ့အခါ ဘယ်လိုမျိုး ပုံမှန်နေထိုင်ရမယ်ဆိုပြီး သင်ကြားပေးသင့်ပါတယ်။ မန်ဒီက “ဒါဟာ သူတို့ကို ထိန်းသိမ်း ကြပ်မတ်နေတာမျိုး မဟုတ်ဘဲ ဘယ်လို လုပ်သင့်တယ်ဆိုတာ ပြောပြနေတာမျိုးသာဖြစ်တယ်” ဆိုပြီး ပြောပြပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်တတ်ဖို့၊ ကိုယ့်ကိုကိုယ် လေးစားမှု ထားတတ်ဖို့၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်ဖို့ အစရှိတာတွေကို သင်ကြားပေးသင့်တယ် ဆိုတာ အကြံပြု တိုက်တွန်းလိုက်ချင်ပါတယ်။

Ref : Independent “Giving your child a smartphone is like giving them a gram of cocaine, says top addiction expert”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top