ယူကရိန်းတွေ သီချင်းစပ် ဂုဏ်ပြုရအောင် စွမ်းတဲ့ တူရကီနိုင်ငံထုတ် မောင်းသူမဲ့ယာဉ်

airplane0.jpg

” တင့်ကားသစ်တွေကို မီးရှို့လိုက်
ဒါဟာ ရူးသွပ်စရာအသစ်ပေါ့ . . . ဘေရက်တာ(Bayraktar)”

ယူကရိန်းမှာ ခေတ်စားနေတဲ့သီချင်းတစ်ပုဒ်ရဲ့ စာသားတစ်ပိုင်းအစပါ။ တူရကီနိုင်ငံထုတ် မောင်းသူမဲ့ယာဉ် ဘေရက်တာ(Bayraktar)ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်း။ ဘေရက်တာဆိုတာ ရုရှားရဲ့ကျူးကျော်စစ် ရင်ဆိုင်ရချိန်မှာ ယူကရိန်းရဲ့ ခုခံတွန်းလှန်မှု ပြယုဂ်တစ်ခုပါပဲ။ ယူကရိန်းနိုင်ငံသားတွေက သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုတောင် ဘေရက်တာလို့ အမည်ပေးထားကြတယ်။

အမြင့်ပေ အလယ်အလတ်ကနေ ခရီးဝေးပျံသန်းနိုင်တဲ့ TB2 မောင်းသူမဲ့ယာဉ်တွေကို အသုံးပြုနေတာ နှစ်နဲ့ချီနေပါပြီ။ ၂၀၁၄ ခုနှစ်ကတည်းက အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ ဆီးရီးယားမှာ တူရကီစစ်တပ်က သုံးခဲ့ဖူးတယ်။ လစ်ဗျား၊ နာဂါနိုကရာဘတ် ပဋိပက္ခတွေမှာလည်း အသုံးတော်ခံခဲ့ဖူးတယ်။ မကြာသေးခင်မှာ ရုရှားစစ်တပ်ပစ်မှတ်တွေကို TB2 မောင်းသူမဲ့ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်းစစ်တပ်က လူမှုကွန်ရက်ပေါ်တင်လိုက်တာ အချိန်တိုအတွင်း ပျံ့နှံ့သွားပြီး တစ်ကျော့ပြန် လူပြောများလာခဲ့တာပါ။ ဒါဟာ ယူကရိန်းအတွက် စိတ်ဓာတ်ရေးရာ အားသာချက်တစ်ခု၊ ဗျူဟာမြောက်အောင်ပွဲတစ်ခုလည်း ဖြစ်လာစေခဲ့တယ်။

TB2 နဲ့ တခြားမောင်းသူမဲ့ယာဉ်တွေ ထုတ်လုပ်နိုင်ခဲ့တဲ့ တူရကီဟာ အမေရိကန်၊ တရုတ်၊ အစ္စရေးနိုင်ငံတွေနည်းတူ မောင်းသူမဲ့ယာဉ် ထုတ်လုပ်နိုင်တဲ့ ထိပ်တန်းနိုင်ငံတွေစာရင်းမှာ ပါဝင်လာခဲ့တယ်။ TB2 က တူရကီနိုင်ငံရဲ့ အကျော်ကြားဆုံးပို့ကုန်တစ်ခုလည်း ဖြစ်လာခဲ့ပြီလို့ ဆိုတယ်။ တူရကီဟာ ရုရှား၊ ယူကရိန်း (၂)နိုင်ငံလုံးနဲ့ ကာကွယ်ရေး၊ စီးပွားရေးဆိုင်ရာ အနီးကပ်ဆက်ဆံနေတဲ့နိုင်ငံပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် မဆင်နွှဲခင်ကတည်းက မောင်းသူမဲ့ယာဉ်တွေ ရောင်းပေးနေတဲ့ တူရကီရဲ့လုပ်ရပ်ကို ဒေါသထွက်ခဲ့တယ်။ စောဒကလည်း တက်ခဲ့တယ်။ ဒါပေမဲ့ TB2 ယာဉ်တွေကို ပုဂ္ဂလိက ကုမ္ပဏီက ရောင်းတာ၊ ပြီးတော့ စစ်မဖြစ်ခင်ကတည်းက ရောင်းထားတာလို့ တူရကီက တုံ့ပြန်ခဲ့တယ်။

TB2 ကုမ္ပဏီရဲ့ နည်းပညာအရာရှိချုပ် ဆယ်ကုဘေရက်တာ (Selcuk Bayraktar)ဆိုတာ တူရကီသမ္မတ အာဒိုဝမ်ရဲ့သမက်လောင်းပါ။ အာဒိုဝမ်ကတော့ ရုရှား-ယူကရိန်းစစ်ပွဲမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေသူ။ ဒီတော့ ဆယ်ကုက နိုင်ငံရေးအကြောင်း ပြောဖို့ ဆန္ဒမရှိဘူး။ သူ့ကုမ္ပဏီထုတ် မောင်းသူမဲ့ယာဉ်ရဲ့ နည်းပညာအကြောင်းပြောဖို့ပဲ စိတ်အားထက်သန်နေတယ်။

” ဒါက ခုခံတွန်းလှန်မှုရဲ့ပြယုဂ်တစ်ခုပဲလို့ ကျွန်တော် ထင်တယ်။ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်ပဲ။ လူတွေက တရားမဝင်ကျူးကျော်သိမ်းပိုက်မှုရန်ကနေ သူတို့ရဲ့အမိမြေကို ကာကွယ်တွန်းလှန်နေကြတယ်။ လွတ်လပ်ရေးလိုချင်တယ်ဆိုရင် တောင့်ခံတွန်းလှန်ရမယ်။ ရဲရင့်တဲ့ ယူကရိန်းပြည်သူတွေနဲ့ ခေါင်းဆောင်ပိုင်းကလည်း အဲဒီအတိုင်း လုပ်နေကြတယ်။ တစ်ချိန်တည်းမှာပဲ နည်းပညာလည်း လိုအပ်တယ်။ ကိုယ်ပိုင်ကာကွယ်ရေးအစွမ်းအစ လိုတယ်။ လူတွေရဲ့အသက် အန ္တရာယ်ကြုံနေရချိန်မျိုးမှာတော့ ဒီအရာကို ဘယ်လိုနည်းပညာမျိုးနဲ့မှ ကျွန်တော် မနှိုင်းယှဉ်ချင်ပါဘူး”လို့ မက်ဆာချူးဆက်နည်းပညာသိပ္ပံကနေ ဘွဲ့ရခဲ့တဲ့ အင်ဂျင်နီယာ ဆယ်ကုက ပြောတယ်။

ယူကရိန်းက ဘေရက်တာ TB2 မောင်းသူမဲ့ယာဉ်တွေကို ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့နိုင်ငံပါ။ လက်ရှိအချိန်အထိဆိုရင် အနည်းဆုံးမောင်းသူမဲ့ယာဉ် ၃၆ စင်းအထိ မှာယူခဲ့ပြီးပြီ။ ပြီးခဲ့တဲ့လမှာ မောင်းသူမဲ့ယာဉ်တွေ ထပ်ရောက်လာတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့သေးတယ်။ TB2 မောင်းသူမဲ့ယာဉ်တစ်စီးရဲ့တန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ Baykar Tech ကုမ္ပဏီက တရားဝင် ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒါပေမဲ့ အမေရိကန်ဒေါ်လာ ၅ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။

TB2 က ဈေးကွက်ထဲက တခြားပြိုင်ဘက်တွေနဲ့ယှဉ်ရင် ဈေးပိုချိုလို့လည်း ဝယ်လိုအားများတာဖြစ်မယ်လို့ တူရကီနိုင်ငံ စီးပွားရေးနဲ့ နိုင်ငံရေးခြားမူဝါဒစင်တာရဲ့ ကာကွယ်ရေးသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကာဆာပိုဂလူက သုံးသပ်ပါတယ်။ ပြီးတော့ TB2 က တိုက်ပွဲမှာ အသုံးပြုထားပြီးသား မှတ်တမ်းလည်း ရှိတယ်။ ဒါက လက်နက်ဝယ်ယူမှုမှာ အဓိကကျတဲ့အချက် ဖြစ်နေပြန်တယ်။

Baykar Tech ကုမ္ပဏီက TB2 မောင်းသူမဲ့ယာဉ်တွေ ရောင်းချပေးဖို့ အနည်းဆုံး နိုင်ငံ ၁၉ နိုင်ငံနဲ့ စာချုပ်ချုပ်ထားတယ်။ စာချုပ်အများစုကတော့ ပြီးခဲ့တဲ့ ၁၈ လအတွင်း ချုပ်ဆိုခဲ့တာပါ။ အဲဒီနိုင်ငံတွေထဲမှာ ပိုလန်လည်း ပါတယ်။ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ TB2 မောင်းသူမဲ့ယာဉ် မှာယူတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ တူရကီနိုင်ငံ ကာကွယ်ရေးနဲ့ လေကြောင်းလုပ်ငန်းရဲ့ ပို့ကုန်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၃ ဘီလျံဖိုးအထိ စံချိန်တင် မြင့်တက်ခဲ့တယ်။

ဆယ်ကုအတွက်တော့ TB2 မောင်းသူမဲ့ယာဉ်တွေ ထုတ်လုပ်မှုဟာ မိသားစုလုပ်ငန်းတစ်ခု၊ အင်ဂျင်နီယာပညာရပ်အပေါ် တစ်ဘဝလုံးစာ စိတ်အားထက်သန်စေတဲ့အရာတစ်ခု ဆိုတာထက် ပိုပါတယ်။ ဒါဟာ သူ့နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ နည်းပညာ ဖူလုံစေဖို့ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်နေပါတယ်။

Ref: CNN “Turkish drones have become a symbol of the Ukrainian resistance”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top