ချည်ထိုးခြင်းကလည်း စိတ်ဓာတ်ကျခြင်းကို လျော့ချပေးရာရောက်ပါတယ်

yyl-014-9.jpg

တချို့မိန်းကလေးတွေက ချည်ထိုးတာကို ဝါသနာတစ်ခုအနေနဲ့လုပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ နည်းပညာတိုးတက်လာတာနဲ့ ချည်ကြိုးရောင်စုံနဲ့ ဆွယ်တာ၊ ဦးထုပ်၊ အခြားဒီဇိုင်းတွေကို ထိုးလို့ရတဲ့ ချည်ထိုးနည်းနေရာမှာ အခြားအရာများအစားထိုးဝင်လာခဲ့ပါတယ်။ အခုခေတ်မှာ ချည်ထိုးတာက ခက်ရှားရှားဖြစ်လာပါပြီ။ ချည်မထိုးဖြစ်တာ ကြာပြီဆိုရင် ချည်ကြိုးရောင်စုံလေးတွေကို ကိုင်ပြီး ချည်ပြန်ထိုးသင့်ပါပြီနော်။ ချည်မထိုးတတ်တဲ့ မိန်းကလေးတွေရော ဝါသနာတစ်ခုအနေနဲ့ ချည်ထိုးဖြစ်ဖို့ သင်ထားသင့်ပါတယ်။ ဘာလို့ အဲဒီလိုပြောရလဲဆိုရင် ချည်ထိုးခြင်းက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတွေကို လျော့ချပေးသလို နာတာရှည်နာကျင်ကိုက်ခံမှုကိုလည်း လျော့ချပေးတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

ချည်ထိုးခြင်းက ဘယ်လိုအကူအညီဖြစ်စေတာလဲ

ချည်ထိုးခြင်းက စိတ်နဲ့ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာကို သက်သေပြထားတဲ့ အထောက်အထားရှိတယ်လို့ ချည်ထိုးသူ (၁၅,၀၀၀) ကျော်ပါဝင်တဲ့အဖွဲ့ Knit for Peace က ဆိုပါတယ်။ ဒီအဖွဲ့ဟာ ချည်ထိုးသူတော်တော်များများက သူတို့တွေရဲ့ကျန်းမာရေးအခြေအနေက ချည်ထိုးပြီးတဲ့နောက်မှာ တိုးတက်လာတယ်လို့ ထုတ်ပြောပြတဲ့အခါမှာ သုံးသပ်အကဲဖြတ်ပြီး လေ့လာခဲ့ပါတယ်။ British Journal of Occupational Therapy မှာ ပါဝင်တဲ့ စစ်တမ်းအရ လူ (၈၁) ရာခိုင်နှုန်းလောက်က ချည်ထိုးပြီးသွားရင် ပျော်ရွှင်သလိုခံစားရတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။ ချည်ထိုးတံနဲ့ ချည်ကြိုးတွေရဲ့ ထပ်ခါထပ်ခါရွေ့လျားမှုကလည်း စိတ်ခံစားချက်ကောင်းအောင်၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကနေ ပြေလျော့အောင် ဦးနှောက်က ဆာရိုတိုနင်ဓာတ်ကို ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ်က Harvard Medical School’s Mind and Body Institute ရဲ့လေ့လာချက်အရ ပုံမှန် ချည်ထိုးပေးခြင်းကလည်း တစ်မိနစ်ကို (၁၁) ကြိမ်လောက်ခုန်တဲ့ နှလုံးခုန်နှုန်းကို လျော့နည်းသွားစေတဲ့အပြင် စိတ်ကိုလည်း တည်ငြိမ်လာစေပါတယ်။ ဒါ့အပြင် စဉ်းစားဉာဏ်ကို တိုးလာစေသလို သိမြင်နိုင်စွမ်းကို အဟန့်အတားဖြစ်စေမယ့် အခွင့်အရေးတွေကိုလည်း လျော့ချပေးတယ်လို့ ဆိုထားပါတယ်။

အခြားကျန်းမာရေးအကျိုးကျေးဇူးများ

ချည်ထိုးခြင်းက အပေါ်မှာဖော်ပြထားတဲ့အရာတွေအပြင် အခြားအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ချည်ထိုးခြင်းက စိတ်အပန်းပြေစေတဲ့ဝါသနာတစ်ခုဖြစ်ပြီး တရားထိုင်ခြင်းရဲ့တူညီတဲ့အကျိုးကျေးဇူးရှိပါတယ်။ ချည်ထိုးခြင်းက တစ်ကြိမ်တည်းနဲ့ ဦးနှောက်တစ်ခုလုံးကို လှုပ်ဆော်ပေးတဲ့အတွက် ပါကင်ဆန်လို ရောဂါခံစားနေရတဲ့လူတွေရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ချည်လုံးတစ်လုံးကနေ ဝတ်ဆင်လို့ရတဲ့အရာတစ်ခုခုကို ပြောင်းလဲပစ်နိုင်တဲ့ ဒီနည်းက သင့်ကို တစ်ခုခု ရရှိပိုင်ဆိုင်လိုက်ရသလို ခံစားရစေမှာဖြစ်ပါတယ်။

Ref: Study says knitting can help reduce depression, anxiety and chronic pain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top