အီရန်နိုင်ငံက အမေရိကန်တပ်ဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့တွေလို့ ကြေညာ

P2.jpg

ပြီးခဲ့တဲ့သောကြာနေ့က အီရန်စစ်ဗိုလ်ချုပ် လုပ်ကြံခံရတဲ့ဖြစ်ရပ်ကြောင့် အမေရိကန်တပ်ဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်မယ့် ဥပဒေကြမ်းကို အီရန်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်မှာ အမေရိကန်မောင်းသူမဲ့ယာဉ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွက်တပ်ဖွဲ့(Quds Force)ခေါင်းဆောင် ဆိုလေမာနီ သေဆုံးခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အီရန်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းအရ အမေရိကန်တပ်ဖွဲ့အားလုံး၊ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ဝန်ထမ်းအားလုံး၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေ၊ အေးဂျင့်တွေ၊ တပ်မှူးတွေနဲ့ ဆိုလေမာနီကို လုပ်ကြံဖို့ ညွှန်ကြားခဲ့သူအားလုံးကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပါတယ်။ “အဲဒီတပ်ဖွဲ့တွေအတွက် စစ်ရေး၊ ထောက်လှမ်းရေး၊ ဘဏ္ဍာရေး၊ နည်းပညာ၊ ဝန်ဆောင်မှုနဲ့ ရိက္ခာပို့ဆောင်ရေးလုပ်ပေးတာ အပါအဝင် ပံ့ပိုမှုမှန်သမှုကို အကြမ်းဖက်လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် သတ်မှတ်သွားမှာပါ’’လို့ အီရန်လွှတ်တော်က ကြေညာခဲ့ပါတယ်။

အီရန်လွှတ်တော်အမတ်တွေဟာ ကွက်တပ်ဖွဲ့အတွက် ယူရို သန်း(၂၀၀) ထောက်ပံ့ပေးဖို့ ထောက်ခံမဲပေးခဲ့ကြပါတယ်။ အခုအတည်ပြုခဲ့ကြတဲ့ ဥပဒေကြမ်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက အမေရိကန်နိုင်ငံကို အကြမ်းဖက်ဝါဒအတွက် ပံ့ပိုးပေးတဲ့နိုင်ငံအဖြစ် သတ်မှတ်ပြီး ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် ကြေညာခဲ့တဲ့ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့လို့ အမေရိကန်နိုင်ငံကို အလားတူသတ်မှတ်မှု လုပ်ခဲ့တာလို့ အီရန်နိုင်ငံ ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top