နွေရာသီမှာ ရေနွေးလား ရေအေးလား

24-3-2020-yyl-033.jpg

အရွယ်ရောက်ပြီးသားလူတွေရဲ့ခန္ဓာကိုယ်မှာ ရေ (၅၀) ရာခိုင်နှုန်းကနေ (၆၀) ရာခိုင်နှုန်းပါဝင်ပါတယ်။ ရေက ကျွန်တော်တို့ ကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက် အတွက်လည်း အရေးပါ ပါတယ်။ ဒါပေမဲ့ ရေနွေး(သို့) ရေအေး ဘယ်ဟာသောက်ရမလဲ။ ကျွန်တော်တို့အများစုက ရေအေးတာကို ရွေးချယ်သောက်သုံးကြပါတယ်။ အထူးသဖြင့် ပူပြင်းလှတဲ့ရာသီဥတုမှာဆိုရင်။ ရာသီဥတုပူတာကြောင့် ရေအေးအေးလေး တစ်ခွက်သောက်လိုက်ရမှာ လန်းဆန်းသွားကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာရေးအတွက် ရေနွေးသောက်တာက ပိုပြီးအကျိုးကျေးဇူးရှိပါတယ်။

ရေခဲရေ

ရေခဲရေက နွေရာသီမှာ သောက်ရတာ တော်တော်လေးနေလို့ထိုင်လို့ကောင်းပါတယ်။ ရေအေးတစ်ခွက်ကို သောက်လိုက်တဲ့အခါ အားအင်ပြည့်ဖြိုးလာသလို ခံစားရမှာပါ။ ဒါပေမဲ့ လူတော်တော်များများက ရေခဲရေသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ကြရပါတယ်။

အစာခြေစနစ်မကောင်းခြင်း

ရေခဲရေသောက်လိုက်တဲ့အတွက် သွေးကြောတွေကို ကျုံ့သွားစေပါတယ်။ ဗိုက်မကောင်းတာ၊ ဝမ်းဗိုက်နာတာ၊ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။

အားအင်ကုန်ခန်းလာခြင်း

သာမန်အပူချိန်ရဖို့ အတွက် ရေခဲရေကို နွေးသွားစေဖို့ ကျွန်တော်တို့ခန္ဓာကိုယ်က အားအင်ကို နှစ်ဆအသုံးပြုရပါတယ်။ ပင်ပန်းနွမ်းလျသလိုမခံစားချင်ရင် ရေခဲရေမသောက်သင့်ပါဘူး။

နှလုံးခုန်နှုန်းနှေးလာခြင်း

ရေခဲရေသောက်သုံးတာက နှလုံးခုန်နှုန်းကို ထိုးကျသွားစေနိုင်ပါတယ်။ ရေခဲရေက ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ရဲ့အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်တဲ့ vagus nerve ကို လှုံဆော်ပေးပါတယ်။ Vagus Nerve ကို ထိခိုက်သွားစေတဲ့အတွက် နှလုံးခုန်နှုန်းကို နှေးသွားစေပါတယ်။

ခန္ဓာကိုယ်အတွင်း ချွဲ၊သလိပ်၊ နှာရည်တွေ ဖြစ်လာခြင်း

ရေခဲရေက ခန္ဓာကိုယ်အတွင်းမှာ ချွဲ၊ နှာရည်တွေ ဖြစ်လာစေနိုင်ပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်အားနည်းလာပြီး မလိုလားအပ်တဲ့ အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ ဖျားနာခြင်းတွေဖြစ်လာသလို နှာစေးတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ရေနွေး

ရေနွေးဆိုရင် (၈၀) ဒီဂရီဖာရင်ဟိုက် ကနေ (၁၀၆) ဒီဂရီဖာရင်ဟိုက်ဖြစ်ပါတယ်။ ပုံမှန်ဆို ဒီရေအပူချိန်နဲ့ ကော်ဖီဖျော်သောက်တာတွေ လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ရေနွေးကို သောက်တာက အကျိုးကျေးဇူးများစွာရှိပါတယ်။

ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း

အထူးသဖြင့် မနက်ခင်းပိုင်းမှာ ရေနွေးသောက်တာက ခန္ဓာကိုယ်အတွင်းက များလှစွာသောရောဂါတွေဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ပိုပြီးထိရောက်စေချင်ရင်တော့ ရေနွေးထဲကို သံပုရာသီးစိပ်ထည့်သောက်လို့ရပါတယ်။

နာကျင်မှုကို တိုက်ဖျက်ပေးခြင်း

ရေနွေးက ရာသီလာခြင်းကြောင့်ဖြစ်တဲ့နာကျင်မှုကို သက်သာစေပါတယ်။ သွေးလည်ပတ်မှုအားကောင်းစေသလို သွေးစီးဆင်းမှုလည်း တိုးလာစေပါတယ်။ နာကျင်ကိုက်ခဲတာတွေ ကြုံလာရင် ရေနွေးနွေးလေးကို သောက်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

ရေနွေးသောက်တာကလည်း စိတ်ဖိစီးမှုကို လျော့ချပေးတယ်လို့ ဆိုပါတယ်။ အဓိကအာရုံကြောစနစ်တွေကို ကောင်းကောင်းလုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ကော်တီဆုန်း (Cortisol) က စိတ်ဖိစီးမှုဟော်မုန်းတွေထဲက တစ်ခုဖြစ်ပြီး ရေဓာတ်ကုန်ခန်းတာက ဟော်မုန်းဓာတ်ကို တိုးလာစေနိုင်ပါတယ်။ ရေဓာတ်ပြည့်အောင်နေတာက စိတ်ဖိစီးမှုတွေကို လျော့ပါးသွားစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျအောင် ကူညီပေးတယ်

ရိုးရိုးရေပဲသောက်သောက်၊ ရေနွေးပဲသောက်သောက် ကိုယ်လေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ရေနွေးသောက်မယ်ဆိုရင် သင့်ရဲ့ဇီဝဖြစ်စဉ်အားကောင်းလာစေပါတယ်။ ရေနွေးက ခန္ဓာကိုယ်အပူချိန်ကို တိုးစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

သွေးလည်ပတ်မှုအားကောင်းခြင်း

ရေအေးက သွေးကြောတွေကို ပိတ်စေပေမဲ့ ရေနွေးက သွေးစီဆင်းမှုအားကောင်းအောင် ကူညီပေးပါတယ်။ သွေးလည်ပတ်မှုအားကောင်းမှ သင့်ရဲ့ခန္ဓာကိုယ်က လုပ်ဆောင်ချက်ကောင်းမှာဖြစ်ပါတယ်။ သွေးဖိအားများတာတွေ၊ နှလုံးရောဂါတွေဖြစ်မလာမှာဖြစ်ပါတယ်။

အစာခြေစနစ်အားကောင်းခြင်း

ကျွန်တော်တို့အများစုက ဝမ်းဗိုက်မအီမသာဖြစ်တဲ့၊ ဝမ်းချုပ်တဲ့ပြဿနာတွေကို ကြုံတွေ့ကြရပါတယ်။ ရေဓာတ်ကုန်ခန်းခြင်းက ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းမှန်စေဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ရေနွေးက ဝမ်းမှန်စေဖို့အတွက် ပိုပြီးထိရောက်မှုရှိပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဟန့်တားပေးခြင်း

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုက မိန်းကလေးတွေအတွက် အိပ်မက်ဆိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးရဲ့ခန္ဓာကိုယ်အတွင်းမှာ အဆိပ်အတောက်တွေ တိုးလာမယ်ဆိုရင် အဲဒီအိပ်မက်ဆိုးက တကယ်ဖြစ်လာနိုင်ပါတယ်။ ရေနွေးက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမဖြစ်အောင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Ref: Warm or Cold Water? Make Your Choice and See What Happens to Your Body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top