လမ်းပုံမှန်လျှောက်ခြင်းဖြင့် ဆီးချို သွေးတိုး မဖြစ်အောင် ကာကွယ်မယ်

walking-GNB24HR.jpg

သန်းပေါင်းများစွာသော လူတွေ နေ့စဉ် ကြုံတွေ့နေကြတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ဆီးချိုရောဂါ နဲ့ သွေးတိုးရောဂါတွေဟာလည်း အပါအဝင်ပါပဲ။ တဖြည်းဖြည်းနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်မှာ လူတွေက အရင်ကထက် ပိုပြီး အထိုင်များလာကြတယ်၊ လှုပ်ရှားမှုတွေ နည်းလာကြတယ်။ ကလေးတွေဆိုရင်လည်း သွက်သွက်လက်လက် ပြေးလွှားဆော့ကစားနေရမယ့် အချိန်မှာ ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး ဖုန်းသုံးလိုက်၊ စာဖတ်လိုက်နဲ့ အချိန်ကုန်ကြရတယ်။ လှုပ်ရှားမှုတွေ နည်းလာတာနဲ့ အမျှ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲ သွေးတိုး နဲ့ ဆီးချိုရောဂါတွေ ကပ်ပါလာတတ်ပါတယ်။

ဒါကြောင့်လည်း ဒီလိုရောဂါတွေ မဖြစ်စေဖို့ ငယ်စဉ်ကတည်းက အစာအာဟာရကို ဆင်ခြင် ဂရုစိုက်ဖို့၊ အားကစား လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ဖို့ ပြောရတာပါပဲ။ အကယ်လို့ ကိုယ်က အချိန်သိပ်မပေးနိုင်ဘူး ဆိုရင်တောင် လမ်းလျှောက်တာမျိုးတော့ ပုံမှန်လုပ်ပေးလို့ ရပါတယ်။ အချိန်လည်း မကုန်၊ လူလည်း မပင်ပန်း၊ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိတဲ့အတွက် ပေါ့ပေါ့ပါးပါး အသက်ရှည်စေတဲ့ လေ့ကျင့်ခန်းအဖြစ် လမ်းလျှောက်ခြင်းဟာ လူသိများပါတယ်။

လမ်းလျှောက်ခြင်း အနုပညာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လမ်းလျှောက်ခြင်းမျိုးဆိုတာ ဖြည်းဖြည်းလျှောက်တာထက် အရှိန်မြန်မြန်နဲ့ လမ်းကို သွက်သွက်လေး လျှောက်တာပါပဲ။ ဒါ့အပြင် လူတစ်ယောက် ကျန်းမာရေးကောင်းစေဖို့ သတ်မှတ်ထားတဲ့ စံပမာဏသည် တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ အနည်းဆုံး လျှောက်ရမှာ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ များလွန်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက ထင်သလောက် မများပါဘူး။

ကျွန်တော်တို့ ပုံမှန် ကားစီး၊ အိမ်မှာ ထိုင်နေတဲ့ အချိန်တွေ နည်းနည်းလောက် လျှော့လိုက်မယ်၊ ရုံးမှာဆိုရင်လည်း အိမ်သာသွားတဲ့ ခဏ၊ နေ့လည်စာ စားပြီးနောက်မှာ လမ်းလေး လျှောက်ပေးမယ် ဆိုရင် အဆင်ပြေပါတယ်။ ကိုယ်က မနက်စောစော ထနိုင်တဲ့ သူဆိုရင်တော့ မနက်နေရောင်ခြည်အောက်မှာ လေနုသင်းသင်းလေးကို ရှူရှိုက်ရင်း လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှု ကင်းစေပြီး တစ်နေ့တာလုံး စိတ်ကြည်ကြည်လင်လင်နဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရွက်နိုင်မှာ ဖြစ်ပါတယ်။

လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

• အလေးမလိုဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးနိုင်တယ်
• သွေးတွင်း မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေကို လောင်ကျွမ်းစေတယ်
• ကိုယ်အလေးချိန်ကို ကျစေတယ်
• စိတ်ကို ကြည်လင်ပြီး ပေါ့ပါးလန်းဆန်းစေတယ်
• နှလုံး အားကောင်းစေတယ်
• အသက်ရှူလမ်းကြောင်းအတွက် လေ့ကျင့်ခန်း ဖြစ်စေလို့ ပန်းနာရင်ကျပ် ရှိသူတွေအတွက်လည်း အထူးကောင်းတယ်
• သွေးလည်ပတ်စီးဆင်းမှု မြန်စေတယ်
• အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်
• ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို လျင်မြန်စေတယ်
• အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
• သွေးတိုး၊ ဆီးချို ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ရောဂါရှိတဲ့သူတွေဆိုရင်လည်း သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း ဖြစ်စေတယ်၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက် အကောင်းဆုံး အကြံ

ကျွန်တော်ကတော့ အလုပ် အရမ်းများလွန်းလို့ အချိန်သီးသန့်ပေးပြီး လမ်းလျှောက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့သူတွေ အနေနဲ့

• ရုံးနဲ့ အိမ် နီးသူတွေဆိုရင် စောစောထွက်ပြီး လမ်းလျှောက်သွားပါ
• အလုပ်လုပ်နေတဲ့အချိန် ရေများများ သောက်ပါ၊ ဆီးထသွားချင်ရင် အောင့်မထားဘဲ လမ်းလျှောက်ရင်း ထသွားပါ
• နေ့လည်စာ ထမင်းစားပြီးသွားရင် မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးပါ
• အိမ်ပြန်ရောက်ပြီဆိုရင်လည်း လှုပ်လှုပ်ရှားရှား နေပေးပါ
• အစာအာဟာရကို စုံလင်စွာ စားသောက်ပေးပါ
• ညဘက်ကို စောစောအိပ်ပါ၊ အိပ်ချိန် ၇နာရီ ပြည့်အောင် အိပ်စက်အနားယူပေးပါ
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Ref : Hellosayarwon

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top