တိမ်မည်းတွေတိုင်းမှာ ငွေရောင်အနားကွပ်လေးနဲ့

31-5-2022-yyl-07.jpg

ရှေးအခါတုန်းက အိန္ဒိယဘုရင်တစ်ပါးနဲ့ သူ့ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းက အရမ်းချစ်ခင်ကြပြီးအမြဲလိုလို တတွဲတွဲပါပဲ။ ဘုရင့်သူငယ်ချင်းက အရာရာတိုင်းကို အပြုသဘောဆောင်ပြီး ရှုမြင်တတ်သူပါ။ သူ့ရဲ့လက်သုံးစကားကတော့ ” အရာအားလုံး ကောင်းဖို့ဖြစ်လာတာပါ”တဲ့။

တနေ့မှာတော့ သူတို့သူငယ်ချင်းနှစ်ယောက် တောလည်ထွက်ကြတယ်။ ဘုရင်က သားကောင်ပစ်ဖို့ သူ့သူငယ်ချင်းက သေနတ်ကို ကျည်ဖြည့်၊ မောင်းတင်ပေးရတာပေါ့။ ဘုရင်က သားကောင်ကို ချိန်ပြီး ပစ်လိုက်တဲ့အချိန်မှာဘဲ မျှော်လင့်မထားတဲ့အရာတစ်ခု ဖြစ်သွားတယ်။

ကျည်ပေါက်ထွက်ပြီး ဘုရင့်လက်မ ပြတ်ထွက်သွားခဲ့တာပါ။ သူ့သူငယ်ချင်းက ကျည်ဖြည့်၊ မောင်းတင်ပေးရာမှာ လွဲချော်သွားခဲ့ပုံရတယ်။ သူတို့ ၂ ယောက်လုံး တုန်လှုပ်သွားကြတယ်။ ချက်ချင်းပဲ ဘုရင့်ဒဏ်ရာကို ကုသပေးရတော့တာပေါ့။ သွေးတိတ်အောင် လုပ်ပေးပြီးတဲ့နောက်မှာတော့ ဘုရင့်သူငယ်ချင်းက သူ့ဝသီအတိုင်း ” ဒါလည်း ကောင်းဖို့ဖြစ်လာတာပါ” လို့ ပြောမိလိုက်တယ်။

လက်မပြတ်သွားလို့ စိတ်တိုနေတဲ့ ဘုရင်ကလည်း ဒီစကားကို ကြားလိုက်ရတော့ ဒေါသထွက်သွားတယ်။ ” တော်စမ်း၊ ဒါက ကောင်းဖို့ဖြစ်လာတဲ့ကိစ္စမဟုတ်ဘူးကွ” လို့ ပြောလိုက်တယ်။ နန်းတော် ပြန်ရောက်တာနဲ့ သူ့သူငယ်ချင်းကို ထောင်သွင်းအကျဉ်းချလိုက်တော့တာပေါ့။

လအနည်းငယ်ကြာတော့ ဘုရင်ကြီးက တောလည်ထွက်ရင်း လူသားစားလူရိုင်းတွေရှိတဲ့ တောနက်ထဲ ရောက်သွားလို့ လူရိုင်းတွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်။ လူရိုင်းတွေက ဘုရင်ကြီးရဲ့ လက်နှစ်ဖက်ကို ကြိုးတုပ်၊ ထင်းတွေနဲ့ပုံပြီး သူ့ကို မီးကင်စားဖို့ ပြင်ကြတယ်။ ဒါပေမဲ့ မီးကင်တော့မယ့်အချိန်မှာ ဘုရင်ကြီးရဲ့လက်မတစ်ဖက် ပြတ်နေတာကို သတိထားမိပြီး ပြန်လွှတ်ပေးလိုက်ကြတယ်။ လူသားစား လူရိုင်းတွေက အယူသီးတယ်လေ။ သူတို့က ကိုယ်လက်အင်္ဂါမစုံလင်သူတွေဆိုရင် မစားကြဘူး။ ဒါကြောင့် ဘုရင်ကြီးကို လာလမ်းအတိုင်း ပြန်ပို့ပေးလိုက်ကြတော့တာပေါ့။

ဘုရင်ကြီးက နန်းတော် ပြန်ရောက်တဲ့အခါ သူ့လက်မ ပြတ်နေလို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့အကြောင်း ပြန်တွေးမိပြီး ”အရာအားလုံးကောင်းဖို့ ဖြစ်လာတာပါ”ဆိုတဲ့ သူ့သူငယ်ချင်းစကားကို ပြန်သတိရသွားတယ်။ သူ့သူငယ်ချင်းကို ထောင်သွင်းအကျဉ်းချမိလို့ စိတ်မကောင်းဖြစ်ပြီး ချက်ချင်းပြန်လွှတ်ပေးလိုက်တယ်။ ထောင်သွင်းအကျဉ်းချမိလို့ အလွန်စိတ်မကောင်းဖြစ်ရကြောင်း ပြောပြီး သူ့ကို ခွင့်လွှတ်ပေးဖို့ ပြန်တောင်းပန်တယ်။

” မင်းကြီး ဆုံးဖြတ်ချက် မမှားပါဘူး။ ကျွန်တော့်ကို ထောင်သွင်းအကျဉ်းချတဲ့ကိစ္စကလည်း ကောင်းဖို့ဖြစ်ခဲ့တာပါပဲ” လို့ သူ့သူငယ်ချင်းက ပြန်ပြောတယ်။ ဘုရင်ကြီးလည်း နားမလည်နိုင်အောင် ဖြစ်သွားတယ်။ ” ဘယ်လို ကောင်းလိမ့်မလဲကွယ်။ မင်းကို ငါ လနဲ့ချီပြီး အကျဉ်းချထားမိတာဘယ်လိုကောင်းကျိုးရှိပါ့မလဲ” လို့ ပြန်ပြောပါသတဲ့။

အဲဒီအခါ သူ့သူငယ်ချင်းက ” မင်းကြီးသာ ကျွန်တော့်ကို အကျဉ်းမချခဲ့ဘူးဆိုရင် ကျွန်တော်လည်း မင်းကြီးနဲ့အတူ လူသားစားလူရိုင်းတွေရဲ့ ဖမ်းဆီးခံရမှာပဲ။ အဲဒါဆိုရင် ကျွန်တော်က သူတို့အစာဖြစ်မှာ သေချာပါတယ်”လို့ ဆိုလိုက်တော့တာပေါ့။

သင်ခန်းစာ

ဘဝထဲမှာ တချို့တချို့သောကိစ္စတွေက ပစ္စုပ္ပန်ရှုထောင့်ကကြည့်ရင် ဆိုးရွားနေနိုင်ပေမဲ့ အချိန်ကြာသွားလို့ ပြန်လှည့်ကြည့်တဲ့အခါ ကောင်းဖို့ဖြစ်လာတာမျိုး ရှိနေတတ်ပါတယ်။ (ကိစ္စတိုင်းကို အပြုသဘော မြင်ကြည့်ဖို့ ခက်ခဲမှာ သေချာပေမဲ့) အပြုသဘောဆောင်ခြင်းက ပစ္စုပ္ပန်မှာတော့ စိတ်ချမ်းသာစေမှာ အသေချာပါပဲ။

Ref: Everything happens for good

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top