စပါးနည်းပြနှစ်ယောက်က မြန်မာလူငယ် ၂၀၀ ကျော်ကို လာရောက်လေ့ကျင့်သင်ကြားပေး

69248713_1577650672377653_5507665055920947200_o.jpg

ရန်ကုန် စက်တင်ဘာ ၁

အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအသင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး (Totenham Hotspur) အသင်းက နည်းပြနှစ်ယောက်ဟာ မြန်မာနိုင်ငံက လူငယ် မျိုးဆက်သစ် ဘောလုံးသမား အယောက် ၂၀၀ ကျော်ကို အခမဲ့ လာရောက်လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။

မြန်မာလူငယ်တွေအနေနဲ့ ဘောလုံးအားကစားနည်းစနစ်နဲ့ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စက်တင်ဘာ ၁ ရက်က Yangon United Sports Complex မှာ လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တစ်နေ့တာ လေ့ကျင့်ရေး အစီအစဉ်မှာ စပါးနည်းပြများဖြစ်ကြတဲ့ Mr. Anton Blackwood၊ Mr. Aaron Tilbrook တို့နဲ့အတူ ပြည်တွင်းနည်းပြတွေလည်း ပါဝင်ကူညီခဲ့ပြီး အပြေးလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့တဲ့အပြင် ဘောလုံး အခြေခံနည်းစနစ်ပိုင်းတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။

“မြန်မာနိုင်ငံက လူငယ်တွေရဲ့ တိုးတက်မှုအတွက် ကူညီဆောင်ရွက်ပေးရတာ ကျေနပ်စရာပါ။ တောက်ပတဲ့ အနာဂတ်ကောင်းတွေရှိနေတဲ့ လူငယ် ပါရမီ အားကစားသမားတွေကို တိုက်ရိုက်လေ့ကျင့်သင်ကြားပေးရတဲ့ အတွက် ကျွန်တော်တို့ရဲ့ နည်းပြအသင်းကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ Aaron Tilbrook က ပြောပါတယ်။

အခုလို လာရောက်သင်ကြားပေးတဲ့ နည်းပြနှစ်ဦးဟာ စပါးအသင်းရဲ့ International Development မှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ရတာဖြစ်ပြီး စပါး တိုက်စစ်မှူးတွေဖြစ်ကြတဲ့ Harry Kane နဲ့ Son Heung-Min တို့လို ကမ္ဘာကျော်တွေကိုလည်း လေ့ကျင့် သင်ကြားပေးခဲ့ရသူတွေ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်လေ့ကျင့်သင်ကြားဖို့အတွက် Facebook ကနေ ကြေညာခဲ့တာဖြစ်ပြီး အရင်းဆုံး စာရင်းပေးသွင်းခဲ့တဲ့ အသက် ၇ နှစ်ကနေ ၁၄ နှစ်အတွင်းက လူငယ်အယောက် ၂၄၀ ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၂၄၀ ထဲမှာ အကယ်ဒမီက လူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

စပါးအသင်းကနည်းပြတွေ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လေ့ကျင့် သင်ကြားနိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး အသက်အာမခံ ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ AIA Myanmar က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို AIA KICK လို့ အမည်ပေးထားပြီး တစ်နှစ်မှာ နှစ်ခါလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top