ဝူဟန်မြို့က ကျန်းမာရေးဝန်ထမ်းတွေကို ပူပူနွေးနွေး နေ့လယ်စာ စားစေချင်တဲ့ စားသောက်ဆိုင်ပိုင်ရှင်

yyl-039-8.jpg

ပြီးခဲ့တဲ့ တစ်လကျော်က ဝူဟန်မြို့မှာ စားသောက်ဆိုင်ဖွင့်ဖို့ လီဘိုက သူ့ကားကို ရောင်းလိုက်တယ်။ ဒါတောင် စားသောက်ဆိုင်ဖွင့်ဖို့ ပိုက်ဆံမလောက်ခဲ့ဘူး။ အဲဒီတော့ ပိုက်ဆံထပ်ချေးခဲ့ရတယ်။ ဒါပေမဲ့ လီဘိုရဲ့ စားသောက်ဆိုင်လုပ်ငန်း ထူထူထောင်ထောင် မဖြစ်သေးခင်မှာပဲ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်သစ်ဆိုတဲ့ ကပ်ဆိုးကြီး ကျရောက်ခဲ့တယ်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေလို့ ဝူဟန်မြို့လမ်းတွေပေါ်မှာ လူသူကင်းမဲ့သွားခဲ့ပြီး လီဘိုရဲ့စားသောက်ဆိုင်ကိုလည်း ဘယ်သူမှ မလာကြတော့ဘူး။

“ ကျွန်တော် သွေးပျက်သွားတယ်။ ချေးထားတဲ့ အကြွေးကို ငါဘယ်လို ပြန်ဆပ်ရပါ့မလဲလို့ အိမ်မှာ လှဲအိပ်ရင်း စဉ်းစားတယ်။ ဒါပေမဲ့ ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ဒုက္ခရောက်နေတဲ့သတင်း ဖတ်လိုက်ရတော့ ငါ တစ်ခုခုလုပ်ပေးဖို့ အချိန်တန်ပြီလို့ ခံစားမိတယ်။ နည်းတာ၊ များတာ သဘောမထားဘဲ ကျွန်တော်လည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ပေးချင်တယ်”လို့ လီဘိုက ပြောပါတယ်။

Beijing News သတင်းဌာနက ရေးထားတဲ့ သတင်းတွေအရဆိုရင်တော့ ဝူဟန်မြို့က ဆေးရုံတချို့မှာ အစားအစာ ပြတ်လပ်နေကြပါတယ်။ ဝူဟန်မြို့မှာ နေထိုင်သူတွေက အစားအသောက်တွေ ဝယ်ယူစုဆောင်းဖို့ ကြိုးစားနေတယ်လို့ မြို့ခံနှစ်ယောက်က ဘီဘီစီသတင်းဌာနကို ပြောထားပါတယ်။ အဲဒီအခြေအနေမှာ စားသောက်ဆိုင်ပိုင်ရှင် လီဘိုက သူ့ရဲ့စားဖိုမှူးနဲ့အတူ စားသောက်ကုန်တွေ ဝယ်ယူပြီး နေ့လယ်စာ ထမင်းဘူး ၂၀၀ ပြင်ဆင်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ သူက အစားအသောက်တွေထည့်ဖို့ ဘူးတွေလိုက်ရှာရပါသေးတယ်။ အားလုံးပြီးစီးသွားရင်တော့ နေ့လယ်စာ ထမင်းဘူးတွေကို ဝူဟန်မြို့၊ ရှီဟီဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေအတွက် ပို့ပေးမှာပါ။

“ကျန်းမာရေးဝန်ထမ်းတွေကို ပူပူနွေးနွေး စားစေချင်လို့ ကျွန်တော် အကောင်းဆုံးလုပ်ပေးမှာပါ။ သူတို့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပြည့်ဝနေဖို့ မျှော်လင့်ပါတယ်။ အဲဒါမှ သူတို့လည်း ကိုယ်ခံအားကောင်းမှာပါ’’လို့ လီဘိုက ပြောပါတယ်။ လီဘိုကတော့ သူတတ်နိုင်တဲ့အချိန်အထိ ကျန်းမာရေးဝန်ထမ်းအတွက် နေ့လယ်စာထမင်းဘူးတွေ ပို့ပေးသွားမှာပါ။ သူတို့ချစ်တဲ့ ဝူဟန်မြို့ အမြန်ဆုံး ကျန်းမာလာပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top