တောင်ကိုရီးယားကမ်းရိုးတန်းမှာ တည်ဆောက်မယ့် ရေပေါ်မြို့

10.12.2021yyl5.jpg

တောင်ကိုးရီးယားတောင်ပိုင်း ကမ်းရိုးတန်းမှာရှိတဲ့ ဘူဆန်မြို့က ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ဒုက္ခရောက်တယ်။ ဘူဆန်မြို့ရဲ့ နာမည်ကျော် ဟေးအွန်ဒဲကမ်းခြေဆိုရင် ၂၀၃၀ မှာ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုကြတယ်။

ဒီတော့ ရေမမြုပ်နိုင်တဲ့ ရေပေါ်မြို့ တည်ဆောက်မယ့် စီမံကိန်း ဖြစ်လာတယ်။ ဒီဇိုင်နာတွေ၊ ဗိသုကာတွေ၊ အင်ဂျင်နီယာတွေ ပူးပေါင်းဖော်ဆောင်မယ့် The Oceanix စီမံကိန်းက ရေပေါ်မြို့ တည်ဆောက်ရေး အစီအစဉ်တွေကို ၂၀၁၉ မှာ စတင်မိတ်ဆက်တယ်။ နောက်ပိုင်းမှာ ပုံစံငယ်တွေ တည်ဆောက်ဖို့ နေရာလိုက်ရှာတယ်။ ပြီးခဲ့တဲ့လမှာတော့ သူတို့အဖွဲ့က ဘူဆန်မြို့ အာဏာပိုင်တွေ၊ ကုလသမဂ္ဂ မြို့ပြဖွံ့ဖြိုးရေး အေဂျင်စီ (UN-Habitat)တို့နဲ့ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ ရှေ့နှစ်ကစပြီး ရေပေါ်မြို့ရဲ့ ပထမဆုံးရပ်ကွက်တစ်ခု စဆောက်မယ်။

ရေပေါ်မြို့ အဆောက်အအုံတွေကို စက်ရုံတွေမှာ အသင့်တပ်ဆင်ပြီးမှ နေရာချမှာပါ။ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားတဲ့ စင်္ကြံလမ်းတွေ ပါတယ်။ ရေတက်ရင် လိုက်တက်မယ်၊ ရေကျရင် လိုက်ကျသွားမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ရပ်ကွက်တစ်ကွက်က ၅ ဧက ကျယ်မယ်၊ ၇ ထပ်တိုက် အဆောက်အအုံတွေ ဆောက်မှာဖြစ်လို့ ရပ်ကွက်တစ်ကွက်မှာ လူ ၃၀၀ လောက် နေနိုင်မယ်။ ရေပေါ်မြို့ တစ်မြို့လုံးမှာ လူ ၁၀,၀၀၀ လောက် နေနိုင်လိမ့်မယ်။

အဲဒီစီမံကိန်းကို ဦးဆောင်တာက ဒိန်းမတ်ဗိသုကာကုမ္ပဏီ Bjarke Ingels Group (BIG) ပါ။ ရေပေါ်မြို့ကို Oceanix City လို့ အမည်ပေးလိမ့်မယ်။ ရေပေါ်မြို့မှာ စားသောက်ဆိုင်နဲ့ လုပ်ငန်းခွင်နေရာကအစ မြို့ပြလယ်ယာမြေနဲ့ အပန်းဖြေနေရာတွေအဆုံး ပြည့်ပြည့်စုံစုံ ပါဝင်လိမ့်မယ်။ ရေပေါ်မြို့မှာ နေထိုင်သူတွေက သူတို့ရဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်ကိုလည်း ဖူလုံအောင် ထုတ်လုပ်နိုင်မယ်ဆိုတော့ သီးခြားဖူလုံနိုင်စွမ်း ရှိမယ်လို့ ဆိုတယ်။

လောလောဆယ် လူမနေသေးချိန်မှာ လေအားလျှပ်စစ်၊ ဆိုလာစွမ်းအင် ကိရိယာတွေ တပ်ဆင်ထားမယ်၊ အဆောက်အအုံသစ်တွေ ဆောက်လုပ်ဖို့ ဝါးတွေလည်း စိုက်ထားမယ်။ ရေပေါ် စိုက်ခင်းတွေ ရှိမယ်၊ ပင်လယ်စာမွေးမြူရေးခြံတွေ ရှိမယ်။ ရပ်ကွက်တစ်ခုနဲ့တစ်ခု ကူးသန်းဖို့၊ ကုန်းမကြီးဆီ သွားဖို့ ရေပေါ်တက္ကစီတွေ၊ ဆိုလာစွမ်းအင်သုံး ကူးတို့တွေ ပြေးဆွဲပေးမယ်။ ၂၀၂၅ ခုနှစ်မှာ ရေပေါ်မြို့ရဲ့ ပထမဆုံးရပ်ကွက်မှာ လူနေနိုင်လိမ့်မယ်လို့ Oceanix City ရဲ့ ပူးတွဲတည်ထောင်သူ မာဒါမွန်ဘီက ပြောတယ်။ ဘူဆန်မှာ အသုံးပြုမယ့် နည်းပညာနဲ့ပတ်သက်ပြီး နိုင်ငံ ၁၀ နိုင်ငံက အစိုးရအဖွဲ့တွေနဲ့လည်း ဆွေးနွေးနေတယ်လို့ သူက ဆိုတယ်။

Ref: CNN “South Korea green-lights plans for flood-resistant ‘floating city'”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top