ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးနေတဲ့ လေ့ကျင့်ခန်းလုပ်လို့ အကောင်းဆုံးအချိန်

6-1-2021-yyl21.jpg

ကိုဗစ်ကာလအတွင်းမှာ ကျွန်တော်တို့ ကျန်းမာစွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းနဲ့ အိပ်စက်ခြင်းနှစ်ခုလုံးက အရေးကြီးပါတယ်။ ဒါပေမဲ့ အခုလိုကပ်ရောဂါအခြေအနေကြီးမှာ Gym သွားဖို့ကလည်းမဖြစ်နိုင်၊ အိပ်စက်ချိန်ကလည်း ပြောင်းပြန်တွေဖြစ်လို့နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကိုတော့ အိမ်ထဲမှာပဲ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးလို့တော့ရပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးတာက သင့်အိပ်စက်ချိန်ကို ကောင်းတဲ့သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။ ညဘက်အိပ်မပျော်တာကိုလည်း ကောင်းကောင်းအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်က ညဘက် သင် ကောင်းကောင်းအိပ်ပျော်မပျော်ကို ဆုံးဖြတ်ပေးနိုင်တယ်လို့လည်း လေ့လာချက်တွေက ဆိုထားပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ သင့်အိပ်စက်ချိန်ကို သက်ရောက်စေနိုင်မယ့် ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ပါလို့တော့ ပြောမထားပေမဲ့ အိပ်စက်ခြင်းအတွက် အကျိုးသက်ရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတွေတော့ရှိပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းနည်းနည်းပါးပါးလုပ်ပေးတာကလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်စွမ်းတိုးလာစေတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းက စိတ်ခံစားချက်ကို ဟန်ချက်ညီစေပြီး စိတ်တည်ငြိမ်အောင်လုပ်ပေးခြင်းဖြင့် သင့်ကို ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ချွေးထွက်တာကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်မှုကလည်း အိပ်စက်ခြင်းကို manage လုပ်နိုင်ဖို့ ကူညီပေးနိုင်တယ်လို့ တချို့ကျွမ်းကျင်ပညာရှင်တွေက ထင်ထားကြတာပါ။

တစ်နေ့တာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်က အိပ်စက်ခြင်းမှာ ကောင်းတဲ့သက်ရောက်မှုရှိတယ်လို့ တွေးထားကြတာပါ။ မနက်ခင်းပိုင်း အစောကြီး လေ့ကျင့်ခန်းလုပ်တာက ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် ခန္ဓာကိုယ်အပူချိန်ကို မြင့်မားမလာစေနိုင်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် မအိပ်ခင် လေ့ကျင့်ခန်းအရမ်းလုပ်တာကလည်း သင့်အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ကောင်းကောင်းအိပ်စက်နိုင်ဖို့ အကူအညီဖြစ်စေတဲ့ လေ့ကျင့်လုပ်လို့အကောင်းဆုံးအချိန်က နေ့လယ်ခင်းဖြစ်ပါတယ်။

နေ့လယ်ခင်းဘက် လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပူချိန်မြင့်တက်လာဖို့အတွက် အချိန်လုံလုံလောက်လောက်ပေးပြီး အဲဒီနောက် သင်အိပ်စက်ချိန်ရောက်တဲ့အခါမှာ အပူချိန်ကျသွားမှာဖြစ်ပါတယ်။ ညနေခင်း နောက်ကျမှ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိပ်စက်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကလည်း အရမ်းကြီးမြင့်တက်နေပြီး နှလုံးခုန်နှုန်းမြန်တာကလည်း အာရုံကြောစနစ်ကို နိုးဆွနေရင်းနဲ့ လျော့ကျမသွားသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အိပ်ချိန်မရောင်ခင် နာရီအနည်းငယ်လောက် ပေါ့ပါးတဲ့လေ့ကျင့်ခန်းလုပ်တာကလည်း သင့်အိပ်စက်ချိန်အတွက် ကောင်းတယ်လို့လည်း သိရပါတယ်။ ဘယ်အချိန်မဆို Weight Training လုပ်တာကလည်း သင့်အိပ်စက်ချိန်အတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ Weight Training လုပ်ပြီးတဲ့နောက်အိပ်စက်တာက ခန္ဓာကိုယ်ကြွက်သားပျက်စီးမှုကို ပြန်လည်ကုသပေးနိုင်တယ်လို့ သိရပါတယ်။

ကောင်းကောင်းအိပ်စက်နိုင်ဖို့ ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောနေပေမဲ့လည်း သင့်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို နားစွင့်နေဖို့လည်း အရေးကြီးပါတယ်။ သင့်ရဲ့လေ့ကျင့်ခန်းလုပ်တဲ့တစ်နေ့တာက သင့်ခန္ဓာကိုယ်က တုံ့ပြန်တဲ့အချိန်နဲ့ ကိုက်ညီဖို့လည်း အရေးကြီးတယ်လို့ ကျွမ်းကျင်ပညာရှင်တချို့က အကြံပြုထားပါတယ်။ သင်က အိပ်ယာစောစောထတတ်တဲ့သူဆိုရင် မနက်ခင်းပိုင်း လေ့ကျင့်ခန်းလုပ်တာအကောင်းဆုံးပါပဲ။ နောက်ကျမှ အိပ်ယာထတတ်တဲ့သူတွေကတော့ ညနေ့ခင်းပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။ သင့်နဲ့ ကိုက်ညီတဲ့အချိန်ကို ရှာဖွေရွေးချယ်ပြီး လေ့ကျင့်ခန်းလုပ်ပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။

Ref: What is the best time to exercise to help improve sleep?
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top