အမေရိကန်အထိ ပစ်လွှတ်နိုင်မယ့် မြောက်ကိုရီးယားရဲ့ ဟွာဆောင်-၁၇ ဒုံးကျည်အကြောင်း

26-3-2022-yyl05.jpg

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက အတည်ပြုတယ်။ ဒါဟာ ၄ နှစ်ကျော်အတွင်း တာဝေးပစ်ဒုံးကျည်တစ်စင်းကို ပထမဆုံးအကြိမ် စမ်းသပ်မှုဖြစ်တယ်။ ဟွာဆောင်-၁၇ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်လမ်းညွှန်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကနေ ဖော်ပြတယ်။

အဲဒီဖော်ပြချက်မှာ ဟွာဆောင်-၁၇ ဒုံးကျည်ကို အားပြင်းတဲ့ နျူကလီးယားဖျက်လက်နက်လို့ သုံးနှုန်းခဲ့ပြီး မြောက်ကိုရီးယားတပ်ဖွဲ့က အမေရိကန်နဲ့ စစ်ရေးအရ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီလို့ ကင်ဂျုံအန်က ပြောခဲ့တယ်။ ဟွာဆောင် – ၁၇ ဒုံးကျည်အကြောင်းကို အသေးစိတ်လေ့လာကြည့်တဲ့အခါ ပြုံယမ်းနိုင်ငံတကာလေဆိပ်မှာ ဒုံးပစ်ကားပေါ်ကနေ လောင်စာရည်အသုံးပြုထားတဲ့ ဧရာမဒုံးကျည်ကြီး လွှတ်တင်လိုက်ပုံကို မြောက်ကိုရီးယားမီဒီယာက ဖော်ပြတယ်။

KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟွာဆောင် – ၁၇ ဒုံးကျည်ဟာ အမြင့် ၃၉၀၅ မိုင်အထိ ရောက်ရှိခဲ့ပြီး ပျံသန်းချိန် ၆၈ မိနစ်အတွင်း ခရီးမိုင် ၆၈၁ မိုင်အထိ ရောက်ခဲ့ကာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်နိုင်ငံကြားက သတ်မှတ်ရေပြင်နေရာကို အတိအကျ ဆိုက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဂျပန်နိုင်ငံက လေ့လာစောင့်ကြည့်သူတွေရဲ့ ခန့်မှန်းချက်နဲ့ မတိမ်းမယိမ်းပါပဲ။ ဂျပန်နိုင်ငံ မြောက်ဖျားစွန်း ဟော့ကိုင်ဒိုကျွန်းပေါ်က အိုရှီမားကျွန်းဆွယ်အနောက်ဘက် ၉၃ မိုင်အကွာကို ရောက်ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေထဲမှာ အမြင့်ဆုံး၊ ပျံသန်းချိန်အကြာဆုံး ဖြစ်ပါတယ်။

တခြားနိုင်ငံပေါ်ကနေ ပျံသန်းမိတာမျိုး မဖြစ်စေဖို့ ဒေါင်လိုက်လမ်းကြောင်းအတိုင်း ပစ်လွှတ်ခဲ့တာလို့ သုတေသီတွေက ဆိုပါတယ်။ တကယ်လို့ အဲဒီဒုံးကျည်ကိုသာ တိုက်ချင်းပစ်ဒုံးကျည်တွေရဲ့ပုံစံအတိုင်း ရေပြင်ညီလမ်းကြောင်းနဲ့ ပစ်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ ဘယ်နေရာကိုမဆို ရောက်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ” မြောက်ကိုရီးယားရဲ့စမ်းသပ်မှုတွေထဲမှာတော့ ခရီးမိုင်အဝေးဆုံး ဒုံးကျည်စမ်းသပ်မှုပါ။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားထိပ်ဖူးအများအပြား တပ်ဆင်နိုင်ဖို့ တိုးတက်လာပြီဆိုတဲ့ လက္ခဏာလည်း တွေ့ရပါတယ်။ စစ်ဖြစ်လာရင် အမေရိကန်နိုင်ငံရဲ့ပစ်မှတ်တွေကို ပစ်ခတ်နိုင်ဖို့ပေါ့” လို့ မစ်ဒယ်ဘူရီ နိုင်ငံတကာလေ့လာမှုသိပ္ပံရဲ့ လက်နက်ကျွမ်းကျင်သူ ပါမောက္ခ ဂျက်ဖရီလူးဝစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ စမ်းသပ်မှုမှာ ဒုံးကျည်အကွာအဝေးကို သိရပေမဲ့ ဘယ်လိုဝန်မျိုး တင်ဆောင်ခဲ့လဲဆိုတာကိုတော့ ကျွမ်းကျင်သူတွေ မသိကြပါဘူး။ ဒုံးကျည်ထိပ်ဖူး(ဝန်)အလေးချိန်ကလည်း ဒုံးကျည်တစ်စင်း ဘယ်လောက်မြန်မြန် ပျံသန်းနိုင်သလဲဆိုတဲ့အပေါ် သက်ရောက်မှု ရှိစေပါတယ်။ ဒီတော့ ဒုံးကျည်ထိပ်ဖူးရဲ့ ဝန်ကို မသိရဘဲ ဒုံးကျည်ရဲ့အမှန်တကယ် ပျံသန်းနိုင်တဲ့ အကွာအဝေးကိုလည်း တပ်အပ်ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် နျူကလီးယားထိပ်ဖူးကို ကမ္ဘာ့လေထုထဲ အကောင်းအတိုင်း ပြန်ကျလာစေမယ့် စနစ် တည်ဆောက်နိုင်စွမ်း ရှိ၊ မရှိဆိုတဲ့ လက္ခဏာကိုလည်း မြောက်ကိုရီးယားက မပြသသေးဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ တိုက်ချင်းပစ်ဒုံးကျည်တွေကို အာကာသထဲ ပစ်လွှတ်လိုက်ရင် ဒုံးကျည်ထိပ်ဖူးတွေကလည်း ကမ္ဘာ့အပြင်ဘက်လေထုကို ဖောက်ထွင်းတဲ့ ခရီးကြမ်းဖြတ်သန်းရတဲ့အခါ လွန်းပျံအိမ်တွေလိုမျိုး မလောင်ကျွမ်းဘဲ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။
မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်စီမံကိန်းအတွက် ရှေ့ဆက်ပြီး ဘာတွေ လုပ်လာနိုင်သလဲဆိုရင်တော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ကင်ဂျုံအန် ချမှတ်ခဲ့တဲ့ ခေတ်မီလက်နက် တည်ဆောက်ရေး လျာထားချက်တွေကို ဆက်လက်ပုံဖော်ဖို့ ရှိပါတယ်။

” ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံ လုပ်ဆောင်မယ့်ကိစ္စအားလုံးကို ပြောပြီးသားပါ။ ထိပ်ဖူးအများကြီး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ လောင်စာခဲ အသုံးပြုနိုင်မယ့် တိုက်ချင်းပစ်ဒုံးကျည် ပိုင်ဆိုင်ဖို့၊ စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုလွှတ်တင်ဖို့၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ပင်လယ်ပြင်ထဲ စေလွှတ်ဖို့ပေါ့။ အဲဒီကိစ္စအားလုံး မပြီးသရွေ့ သူတို့ ရပ်တန့်ဖွယ် မရှိပါဘူး” လို့ ဂျက်ဖရီလူးဝစ်က ဆိုပါတယ်။

မြောက်ကိုရီးယားက သူတို့ဒုံးကျည်တွေရဲ့ တိကျမှုကို တိုးမြှင့်ပြီး ခရီးမိုင်အကွာအဝေး ၉၃၂၀ မိုင်အထိ ရောက်ရှိအောင် မွမ်းမံပြင်ဆင်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကြေညာထားပြီးသားပါ။ ဂျက်ဖရီလူးဝစ်ရဲ့အမြင်မှာတော့ ဒုံးကျည်စမ်းသပ်မှု၊ နျူကလီးယားစမ်းသပ်မှု၊ တင်းမာမှုတွေ ကြုံရမယ့်ကာလဖြစ်ပြီး ဒီကာလက တစ်နှစ်ကျော် ကြာမြင့်ဦးမယ်လို့ သူက ဆိုပါတယ်။

Ref: CNN “What we know about North Korea’s new ICBM”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top