ခရိုင်းမီးယားကို ရုရှားသိမ်းပြီးနောက်ပိုင်း ၈ နှစ်အတွင်း ဥရောပနဲ့အမေရိက တွင်းထွက်လောင်စာကုမ္ပဏီတွေကနေ အခွန် ၁၈.၈ ဘီလျံ ရရှိခဲ့

26-3-2022-yyl04.jpg

၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို ဝင်သိမ်းပြီးနောက်ပိုင်း ဒီနေ့အချိန်အထိ ၈ နှစ်တာကာလအတွင်း ဥရောပနဲ့ အမေရိကန်အခြေစိုက် တွင်းထွက်လောင်စာကုမ္ပဏီ ၉ ခုက ရုရှားအစိုးရကို အခွန်အခ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလျံအထိ ပေးဆောင်ခဲ့ကြတယ်လို့ NGO တွေက ဖော်ပြပါတယ်။

Global Witness ၊ Greenpeace USA၊ Oil Change International တို့ စုပေါင်းထားတဲ့ အဖွဲ့ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် အမှီအခိုကင်းတဲ့ စွမ်းအင်သုတေသနလုပ်ငန်းစု Rystad Energy ရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုပြီး အခုလို တွက်ချက်ခဲ့ကြတာပါ။ သူတို့ဟာ ရုရှားနိုင်ငံမှာ ရေနံတူးဖော်၊ ရှာဖွေရေးလုပ်တဲ့ လုပ်ငန်းတွေရဲ့ အခွန်အခ ပေးဆောင်မှုတွေကိုပဲ တွက်ချက်ကြခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံထံကနေ အနောက်နိုင်ငံတွေရဲ့ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝယ်ယူမှုတွေဟာ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲဖို့ ငွေကြေးထောက်ပံ့ပေးသလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ အခုလို ကိန်းဂဏန်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့တာပါ။ဗြိတိန်နိုင်ငံမှာ မှတ်ပုံတင်စာရင်းသွင်းထားတဲ့ Shell ကုမ္ပဏီက ရုရှားအစိုးရကို အခွန်အခ အမေရိကန်ဒေါ်လာ ၇.၈၅ ဘီလျံအထိ ပေးဆောင်ခဲ့ပြီး အခုစာရင်းမှာ အခွန်အများဆုံးဆောင်တဲ့ ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့ပါတယ်။ အမေရိကန်အခြေစိုက် ExxonMobil က ၂.၈၁ ဘီလျံ၊ ဂျာမနီမှာ မှတ်ပုံတင်စာရင်းသွင်းထားတဲ့ Wintershall နဲ့ Wintershall DEA ကုမ္ပဏီ ၂ ခုက စုစုပေါင်း ၂.၈၆ ဘီလျံ၊ ဗြိတိန် နိုင်ငံသားအများပိုင် ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ BP က ၈၁၇ သန်း အခွန်ပေးဆောင်ခဲ့ကြပါတယ်။

အဲဒီကုမ္ပဏီတွေဟာ ရုရှားနိုင်ငံရဲ့ ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီတွေမှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရုရှားအစိုးရထံ ဒေါ်လာဘီလျံချီတဲ့ အခွန်ငွေတွေ စီးဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာဆိုရရင် BP ကုမ္ပဏီဟာ မကြာသေးခင်အချိန်အထိ ရုရှားစွမ်းအင်ကုမ္ပဏီ Rosneft မှာ ရှယ်ယာ ၁၉.၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပါတယ်။ Rosneft ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ရုရှားအစိုးရကို အခွန်၊ လုပ်ကိုင်ခွင့် ပေးဆောင်ရငွေ၊ ရေနံအမြတ်အစွန်းတွေအဖြစ် အမေရိကန်ဒေါ်လာ ၃၅၃.၁၆ ဘီလျံအထိ ပေးဆောင်ခဲ့ရတယ်လို့ Rystad ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။

BP ကုမ္ပဏီဟာ ရုရှားအစိုးရထံ အခွန်ငွေ တိုက်ရိုက်ပေးရတာ မဟုတ်ပေမဲ့ ငွေကြေးစီးဆင်းစေမှုအတွက်တော့ တာဝန်ရှိနေဆဲပါပဲ။ ဥရောပနဲ့ အမေရိကအခြေစိုက် ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး ရုရှားအစိုးရ ရရှိခဲ့တဲ့ အခွန်အခက အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ရှိလိမ့်မယ်လို့ Global Witness ရဲ့ အဖွဲ့ခေါင်းဆောင် မာရေးဝါသီက ပြောပါတယ်။

Ref: CNN “These fossil fuel companies sent more than $15B in taxes to Russia since it annexed Crimea, NGOs say”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top