မလေးရှားနိုင်ငံရဲ့ရေကြီးရေလျှံမှုကြောင့် Big Bad Wolf Books ရဲ့ စာအုပ်သန်းချီ ပျက်စီးဆုံးရှုံးခဲ့ရ

23.12.2021yyl10.jpg

မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ ရေကြီးရေလျှံမှု အခြေအနေဟာ မလေးရှားလူမျိုးတော်တော်များများအပေါ်သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုတွေရှိသလို မရေတွက်နိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်းရှိနေပါတယ်။ လူမှုကွန်ယက်ပေါ်မှာ မလေးရှားနိုင်ငံရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတွေလည်း တွေ့နေရပါတယ်။ စာအုပ်ချစ်သူတွေကို စိတ်မကောင်းဖြစ်စေမယ့် သတင်းတစ်ပုဒ်လည်းအပါအဝင်ပါပဲ။ အဲဒါကတော့ စာအုပ်ပေါင်းများစွာဝယ်ယူရရှိနိုင်တဲ့ Big Bad Wolf Book ရဲ့စာအုပ်သန်းချီ ပျက်စီးဆုံးရှုံးလိုက်ရတာပါ။ ရေကြီလျှံမှုက ဝါးမြိုလိုက်တဲ့ ပျက်စီးနေတဲ့စာအုပ်တွေရဲ့အခြေအနေကို Big Bad Wolf Books က ဗီဒီယိုနဲ့တကွ ပြသခဲ့ပါတယ်။

“မကြာသေးခင်က မလေးရှားနိုင်ငံမှာဖြစ်ခဲ့တဲ့ ရေကြီးမှုကြောင့် ဆုံးရှုံးမှုများစွာနဲ့ အနှောင့်အယှက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဆုတောင်းမှုတွေက ဒီသဘာဝဘေးအန္တရာယ်ကို ကြုံခဲ့ရတဲ့ လူတိုင်းနဲ့ အတူရှိနေပါတယ်။ Big Bad Wolf Books လုပ်ငန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကျော်က ကျွန်တော်တို့ရဲ့ဂိုဒေါင်ကတဆင့် ဝင်လာခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် အောက်ထပ်တစ်ခုလုံးနစ်မြုပ်သွားခဲ့ပြီး စာအုပ်သန်းချီ ပျက်စီးခဲ့ရပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ပြန်လည်ချိတ်ဆက်လို့မရသေးပါဘူး။ ဒီလို ကြိုမမြင်နိုင်တဲ့အခြေအနေတွေကြောင့် Big Bad Wolf Books ဆိုင်က ဝယ်ယူမှုများ၊ ပေးပို့မှုတွေမှာ မလွှဲသာမရှောင်သာ နှောင့်နှေးမှုတွေဖြစ်လာရပါတယ်။

ဒီကာလအတွင်း ကျွန်တော်တို့ရဲ့အစဉ်အမြဲအားပေးနေတဲ့ဖောက်သည်တွေနဲ့ ပရိသတ်တွေအားလုံးကို သည်းခံပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေတဲ့အတွက် အွန်လိုင်းကနေတဆင့် အမှာစာတွေအားလုံးကို ဆက်လက်ဖြည့်ဆည်းပေးနိုင်မယ်လို့ ဖောက်သည်တွေအားလုံးကို အာမခံလိုပါတယ်။ အွန်လိုင်းကတဆင့် ဝန်ဆောင်မှုတွေကတော့ ဆက်လက်ရရှိမှာဖြစ်ပြီး သင်တို့ရဲ့လိုအပ်ချက်တွေနဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

Big Bad Wolf Books က တစ်ခါမှ ဒီလိုထိတ်လန့်တုန်လှုပ်ဖွယ်ရာအခြေအနေမျိုးကို မကြုံတွေ့ခဲ့ရဖူးပါဘူး။ ပြန်လည်စတင်ရမယ့်လမ်းကြောင်းက စိန်ခေါ်မှုတွေရှိပါလိမ့်မယ်။ ဒါပေမဲ့ သင်တို့ရဲ့ဆက်လက်ပံ့ပိုးမှုတွေနဲ့ အားပေးမှုတွေကြောင့် Big Bad Wolf က ဆက်ပြီးထိန်းထားပါမယ်လို့ Big Bad Wolf Books က ထုတ်ပြန်ခဲ့ပါတယ်။

ရေပေါ်မှာ မြောနေတဲ့၊ ရေထဲမြုပ်နေတဲ့၊ ရေလွှမ်းနေတဲ့ စာအုပ်မြင်ကွင်းတွေက စာအုပ်ချစ်သူတွေကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ စာအုပ်ချစ်သူတော်တော်များများက စာအုပ်တွေအားလုံးပျက်စီးသွားရတာနဲ့ပတ်သက်ပြီး ဝမ်းနည်းစိတ်မကောင်းကြောင်း ဖော်ပြခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက Big Bad Wolf အဖွဲ့သားတွေ အားတင်းထားဖို့ ဆန္ဒပြုလို့နေပါတယ်။ စိတ်ဓာတ်ခွန်အားမြှင့်စေမယ့် ကွန်မန့်တွေ ရေးသားပေးပို့ရင်းနဲ့လည်း ဆက်လက် အားပေးပံ့ပိုးနေကြပါတယ်။

Ref: WorldofBuzz “Booklovers are Heartsick by Video of Millions of Big Bad Wolf Books Damaged by Flood”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top