ကျွန်တော်တို့အားလုံးဟာ ဘယ်အရာကိုမှ လက်မလျှော့သင့်ဘူးဆိုတဲ့စကားနဲ့ ငယ်ငယ်လေးထဲက ရင်းနှီးပြီးသားပါ။
လူတချို့ ဒါမှမဟုတ် အရာတစ်ခုခုကို အခါခါအလျှော့ပေးတတ်တဲ့ သင့်ကို လူတွေက အဖြည့်ခံလူတစ်ယောက်အဖြစ်နဲ့သာ တဖြည်းဖြည်း ပုံဖော်သတ်မှတ်လာကြပါတယ်။
တကယ်တော့သင့်မှာ ဘာကြောင့်လက်လျှော့သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိပြီးသားပါ။ အချိန်တစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ အခြေအနေတချို့ကြောင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း လူတွေ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ ပြင်ဆင်လို့မရတော့တဲ့ မှတ်ဥာဏ်တချို့ကြောင့်ဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။
သင့်ကို နာကျင်စေတဲ့အရာတွေကြားမှာ ရှင်သန်မနေတော့ဘဲ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတတ်ဖို့ဆိုတာက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုအချိန်မှာ လက်လျှော့လိုက်သင့်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ သင့်ရဲ့ငြိမ်းချမ်းမှုကို ဖျက်ဆီးနေတဲ့အခါ
ဒီလို အချိန်မျိုးမှာ တစ်ခါတလေပျော်ရွှင်ရမယ်ဆိုရင်တောင် ဒါက အပြောင်းအလဲမြန်တဲ့ ခဏတာလေးပဲဆိုတာကို လုံးဝမမေ့ပါနဲ့။ ပျော်ရွှင်မှုတွေက ကြာရှည်မခံတတ်ပါဘူး။ အလိုမကျမှုတွေများနေတဲ့ သင့်ရဲ့စိတ်ကို ဘယ်အရာကမှ သက်သာအောင်မလုပ်ပေးနိုင်တဲ့အတွက် ပင်ပန်းလာပြီး စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေ တဖြည်းဖြည်းပျောက်ကွယ်လာရတာပါ။ ဒါပေမယ့် သင့်ရဲ့ကြိုးပမ်းမှုတွေအတွက်တော့ ကိုယ်ပိုင်ပျော်ရွှင်မှုရရှိဖို့ ထိုက်တန်ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆို ဘာအဓိပ္ပါယ်မှမရှိတော့တဲ့အတွက် လက်လွှတ်လိုက်ပါတော့။
ငြိမ်းချမ်းခြင်းဆိုတာက အလွယ်တကူရရှိနိုင်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ပိုးမွေးသလို အချိန်ယူပြီး ဂရုတစိုက်မွေးမြူ ပါမှ တဖြည်းဖြည်း တိုးတက်လာမယ့်အရာပါ။ ဒါကြောင့်မို့လို့ တည်ငြိမ်ခြင်းနဲ့ ပျော်ရွှင်အူမြူးခြင်းနှစ်ခုကြား ဘရွေးရမလဲခေါင်းစားနေရတယ်ဆိုရင် ပထမတစ်ခုကိုပဲရွေးပါ။
၂။ ပျော်ရွှင်တယ်လို့ မခံစားရတော့တဲ့အခါ
ဒီတစ်ခါမှာတော့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကြားမှာ သင်ဇဝေဇဝါဖြစ်လာပါပြီ။ ဒါကိုရှင်းအောင်လုပ်ဖို့အတွက် ပထမဆုံး ပျော်ရွှင်မှုဆိုတာ ငြိမ်းချမ်းမှုကိုအခြေတည်ပြီးမှ ပေါက်ဖွားလာတယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ခံနိုင်ရပါမယ်။
သင်ဂရုစိုက်တဲ့ လူတစ်ယောက်ယောက်အတွက် အခြေအနေတွေအားလုံးကို ပြန်ပြုပြင်နေရတာမျိုး၊ ဒါမှမဟုတ်ရင်လည်း သင်မျှော်လင့်ခဲ့သလိုဖြစ်ခဲ့တဲ့ အတိတ်ကာလာတွေကို ပြန်လည်ဖမ်းဆုပ်ဖို့ ကြိုးစားနေတာမျိုး လုပ်ဖူးမှာပါ။ ဒါပေမဲ့လည်း အချည်းနှီးပါပဲ။ ခေါင်းမာပြီးကြိုးစားနေပေမဲ့လို့ ပျော်ရွှင်မှုတွေကို သင်မခံစားရတော့ပါဘူး။ အဲ့အပြင် စိတ်ဖိစီးမှုတွေများပြီး နှလုံးသားကပိုလို့တောင် နာကျင်လာရပါသေးတယ်။ ဒီလိုအခြေအနေမျိုးရောက်နေပြီဆို လက်လျှော့လိုက်ပါတော့။
၃။ နှလုံးသားက ငြင်းပယ်လာတဲ့အခါ
ကိုယ့်အတွင်းစိတ်ကို ကိုယ်သိအောင်ကြိုးစားပါ။ ပြီးတော့ ကိုယ့်ခံစားချက်ကို ကိုယ်ယုံကြည်မှုရှိပါ။ အတွင်းစိတ်ကလိမ်လို့မရပါဘူး။ ဒါကြောင့်သူတို့ဘာပြောချင်နေတယ်ဆိုတာကိုပဲ စိတ်အေးအေးထားပြီး အဖြေရှာပါ။ နာကျင်စရာတွေများလာတဲ့အခါ နှလုံးသားကမွန်းကြပ်လာပါတယ်။ အခန်းတစ်ခုထဲ ပိတ်မိနေသလိုမျိုးနဲ့ အမြဲတမ်းလိုလို ဝမ်းနည်းနေရတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ သင့်ရဲ့ကြိုးစားမှုတွေက အချည်းနှီးပဲလို့ ခံစားနေရရင်တော့ ဆက်ပြီးခေါင်းမာမနေပဲ လက်လျှော့လိုက်ပါ။
၄။ ကိုယ့်ကိုယ်ကို မုန်းလာတဲ့အခါ
ကိုယ့်ကိုယ့်ကို ချစ်တတ်ဖို့အရေးကြီးပါတယ်။ ကိုယ့်ဘဝကိုယ် ကျေနပ်နေတဲ့နေ့က တစ်ကမ္ဘာလုံးနဲ့ သဟဇာတဖြစ်တဲ့နေ့ပါ။ အဲဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့ရှင်သန်မှုကို အပြစ်တစ်ခုလိုခံစားလာရပြီဆို လူတွေကအလင်းပေးနေရင်တောင် သင့်မျက်လုံးထဲစူးနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဘဝရဲ့အရသာကို ဖြည်းဖြည်းနဲ့ ပျော်ပျော်ကြီးခံစားပါ။ ကွဲအက်နေတဲ့ အပိုင်းအစတွေကြား ဆက်ပြီးရှင်သန်မနေပါနဲ့တော့။
နောက်ထပ် အရာအရာတိုင်းက ပြောင်းလဲတတ်တဲ့ သဘောရှိတယ်ဆိုတာကို လက်ခံနိုင်အောင်ကြိုးစားပြီး ပိုကောင်းတဲ့ဘဝကို တည်ဆောက်ပါ။ အကျိုးမထူးပဲ သပွတ်အူလိုလည်နေမယ့် အခြေအနေကနေ ရုန်းထွက်လိုက်ပါ။
၅။ အသုံးမလိုဘူးလို့ ခံစားလာရတဲ့အခါ
သင့်ရဲ့အချိန်တွေအားလုံး သူ့ကိုပေးထားပေမဲ့ ပြန်ရလိုက်တာက ဂရုမစိုက်မှုတွေနဲ့ နာကျင်မှုတွေပဲဆိုရင် ဒီနေရာမှာပဲရပ်လိုက်ပါတော့။ စိတ်ဓာတ်ကျစရာတွေနဲ့ စိတ်မချမ်းမြေ့စရာတွေကို သယ်ပြီး မြစ်ဝမှာရပ်နေတဲ့ လူတစ်ယောက်လို ခံစားလာရနိုင်မှာမို့ ရပ်ပစ်လိုက်ပါ။
တကယ်တော့ လက်လျှော့လိုက်တယ်ဆိုတာက သင့်ကိုမလိုအပ်တော့တဲ့ ဘောင်တစ်ခုအတွက် အရင်လိုအခြေအနေပြန်ရအောင် အပင်ပန်းခံကြိုးစားမနေတော့ပဲ ဦးနှောက်နဲ့စဉ်းစားချင့်ချိန်ပြီး လက်လွှတ်လိုက်တာ၊ လွှတ်ချလိုက်တာ၊ သွားခွင့်ပေးလိုက်တာကို ဆိုလိုတာပါ။ ဒီလိုအခြေအနေမျိုးမှာ ငါပေးလိုက်တဲ့အချိန်၊ ငါစိုက်ထုတ်လိုက်တဲ့ လုံ့လနဲ့ထိုက်တန်တာ ငါဘာများပြန်ရလိုက်လဲဆိုပြီး မှန်မှန်ကန်ကန် ဆန်းစစ်တတ်ဖို့ပဲလိုပါတယ်။ အဲဒီလိုမှမဟုတ်ပဲ မသေချာ၊ မရေရာတဲ့လမ်းကိုချည်း လျှောက်လှမ်းနေရတာဆိုရင်တော့ ကိုယ်တိုင်လွတ်မြောက်နိုင်ဖို့ လက်လွှတ်ပေးလိုက်ပါ။
Ref : Newsrepublic “When should you give up?”
Po Mo Htoo Aung (ရိုးရာလေး)