အာမခံအကြောင်း ဘာတွေသိထားဖို့လိုမလဲ

Insurance-Website_1775x462px_Option-2.jpg

အာမခံဆိုတာဘာလဲ

အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်း တစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ် အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်း သိကြပါတယ်။

အာမခံအမျိုးအစား ဘယ်နှစ်မျိုးရှိတာလဲ

အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက (၂) မျိုးပဲရှိတာပါ။ အဲဒါတွေကတော့ (၁) အသက်အာမခံနဲ့ (၂) အထွေထွေအာမခံ တို့ဖြစ်ပါတယ်။

(၁) အသက်အာမခံ

အသက်အာမခံဆိုတာက အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံအမျိုးအစားပါ။ အာမခံထားသူသေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။

Whole life Assurance (တစ်သက်တာ အသက်အာမခံ) – ဒီအာမခံအမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူသေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။

Term Life Assurance (အချိန်အပိုင်းအခြား အသက်အာမခံ) – ဒီအာမခံအမျိုးအစားကတော့ အရွယ်ရောက်ပြီးသူတိုင်းထားရှိနိုင်ပြီး အာမခံထားတဲ့ ကာလအပိုင်းအခြားအလိုက် ထုတ်ပေးတာပါ။ ဥပမာ ကိုယ်က အသက်အာမခံကို (၁၀) နှစ် ထားမယ် ဒါမှမဟုတ် (၁၅) နှစ် ထားမယ်ဆိုပါစို့၊ ဒီကာလကုန်ဆုံးချိန်အထိ ကိုယ်ကထိခိုက်မှုတစ်စုံတရာမရှိဘူးဆိုရင် လစဉ် ပေးသွင်းထားတဲ့ အသက်အာမခံကြေးတွေကို အာမခံကုမ္ပဏီဘက်က ပြန်ထုတ်ပေးမှာပါ။

(၂) အထွေထွေအာမခံ

အာမခံအမျိုးအစားတော်တေ်ာများများ ဒီအထွေထွေအာမခံဆိုတာထဲမှာ အကျုံးဝင်နေတာပါ။ ဒီအာမခံ အမျိုးအစားမှာတော့ အာမခံထားသူက သူပိုင်ဆိုင်တဲ့ အရာတစ်ခုခု ထိခိုက်ဆုံးရှုံးတိုင်းမှာ အာမခံမူဝါဒနဲ့ ကိုက်ညီနေမယ်ဆိုရင် အာမခံကြေးရရှိမှာပါ။ ဥပမာ ကားကိုအာမခံထားထားမယ်။ ကိုယ်က ယာဉ်မတော်တဆဖြစ်မယ်။ ကိုယ့်ကားရော တစ်ဘက်ကားပါ ထိခိုက်မိတယ်။ ဒီလိုအခြေအနေမှာ အာမခံထားထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ကိုယ်ကပေးလျော်စရာမလိုဘဲ အာမခံကုမ္ပဏီက ပေးလျော်ပေးမှာပါ။

အထွေထွေအာမခံထဲမှာဘာတွေပါလဲ

ဒီအာမခံအမျိုးအစားအောက်မှာ အသက်အာမခံကလွဲလို့ ကျန်တဲ့အာမခံအမျိုးအစားအားလုံးပါပါတယ်။

မီးအာမခံ – ဒီသဘောတူညီချက်မှာတော့ အာမခံထားသူအပေါ် အာမခံကုမ္ပဏီက မီးဘေးကြောင့်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတစ်စုံတရာကိုပေးလျော်မယ်ဆိုတဲ့ ကတိကဝတ်ပါရှိပါမယ်။ အာမခံထားသူရဲ့ ပိုင်ဆိုင်မှုပစ္စည်းဖြစ်တဲ့ နေအိမ် ဒါမှမဟုတ် အခြားပိုင်ဆိုင်မှုတစ်ခုခုက မီးလောင်မှုကြောင့်ပျက်စီးခဲ့မယ်ဆိုရင် အာမခံကုမ္ပဏီဘက်က ဆုံးရှုံးမှုအတွက် သဘောတူထားတဲ့ပမာဏအတိုင်း ပေးလျော်မှာဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းအာမခံ – ဒီအာမခံ ပဋိညာဉ်ကတော့အာမခံကုမ္ပဏီနဲ့ ရေယာဉ်ပိုင်ရှင်တွေ၊ ရေကြောင်းနဲ့ ကုန်စည်ပို့ဆောင်သူတွေကြားမှာ ထားရှိတဲ့အာမခံအမျိုးအစားပါ။ ရေကြောင်းသွားလာပို့ဆောင်မှုအတွင်း ပျက်စီးမှုတစ်စုံတရာရှိခဲ့ရင် သတ်မှတ်ထားတဲ့အဖိုးစားနားအတိုင်း အာမခံကုမ္ပဏီဘက်က ပေးလျော်မှာဖြစ်ပါတယ်။ ဒီအာမခံထဲမှာမှ ကုန်စည်အတွက်ထားတဲ့အာမခံ၊ ရေယာဉ်အတွက် သီးသန့်ထားတဲ့အာမခံနဲ့ တင်ဆောင်လာတဲ့ကုန်စည်အတွက်ထားတဲ့အာမခံဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

ဆုံးရှုံးနစ်နာမှုအတွက်အာမခံ – အပေါ်ကအာမခံအမျိုးအစားတွေနဲ့မတူဘဲ ဆုံးရှုံးနစ်နာမှုတွေအတွက်ထားတဲ့ ငွေကြေးအာမခံအမျိုးအစားပါ။ ဥပမာပြောပြရရင် ကားအခိုးခံရတယ်ဆိုပါစို့။ အာမခံထားထားမယ်ဆိုရင် ဆုံးရှုံးနစ်နာသွားမှုအတွက် အာမခံကုမ္ပဏီဘက်ကပေးလျော်မှာပါ။ မော်တော်ယာဉ်အာမခံ၊ ပစ္စည်းခိုးခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက်အာမခံ၊ မသမာမှုနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးဆုံရှုံးတွေ အတွက်လည်း အာမခံထားလို့ရပါတယ်။

အသက်အာမခံနဲ့ အထွေထွေအာမခံ ဘာကွာလဲ

အသက်အာမခံနဲ့အထွေထွေအာမခံရဲ့ အဓိကကွာခြားချက်က အသက်အာမခံဟာ အသက်အန္တရာယ် ဖြစ်စေလောက်တဲ့ အခြေအနေအတစ်ရပ်ရပ်နဲ့သာ သက်ဆိုင်ပြီး အထွေထွေအာမခံထဲမှာတော့ ဒီအသက်အာမခံက အကျုံးမဝင်ပါဘူး။ အသက်အာမခံမှာ အာမခံကြေးကို သတ်မှတ်ထားတဲ့ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ငွေကြေးပမာဏအတိုင်း ပေးသွင်းရတာပါ။ ဒါပေမဲ့ အထွေထွေအာမခံမှာတော့ အာမခံကြေးကို တစ်နှစ်စာအတွက် အလုံးအရင်းနဲ့ပေးသွင်းရမှာဖြစ်ပါတယ်။

အာမခံကို ဘာကြောင့်လိုအပ်တာလဲ

ဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့်အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။ နေထိုင်မကောင်းတဲ့ အခါမှာလည်း ကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေးကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ကြွေးမြီတွေနဲ့ အခြားစရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုးရိမ်မှုကင်းစေမှာပါ။ အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့်ပစ္စည်းဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာပါ။ မတော်တဆမှုဆိုတာက မမြင်နိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုအတွက် ကိုယ်တိုင်မှာဖြစ်ဖြစ် ပိုင်ဆိုင်မှု တစ်စုံတရာမှာဖြစ်ဖြစ် ကြုံတွေ့လာရတဲ့အခါ ငွေကြေးဆုံးရှုံးနစ်နာမှုကို အကာအကွယ်ပေးနိုင်စေဖို့ အာမခံကို ထားသင့်တာဖြစ်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top