တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သွားမည့် ဆဋ္ဌမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသရေးအစီအစဉ်

Mike-DeNoma-CEO-of-KBZ-Bank-with-Patients_4_Credit-to-KBZ-BFM.jpg

ကမ္ဘောဇကုမ္ပဏီများအုပ်စု (ကမ္ဘောဇအုပ်စု) ၏ လူမှုရေးလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) နှင့် စင်ကာပူနိုင်ငံအခြေစိုက်၊ မျက်နှာသွင်ပြင် ပုံမှန်မဟုတ်သည့်ဝေဒနာများကို ကုသပေးလျက်ရှိသော အကျိုးအမြတ်မယူသည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း Smile Asia တို့ ပူးပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်တစ်ခုကို မတ်လ (၂၃) ရက်နေ့ မှ (၃၀) ရက်နေ့အထိ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝေဒနာရှင် လူကြီးနှင့် ကလေးငယ်ပေါင်း (၁၀၀) ကျော်အား အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ပါသည်။

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်

မကြာမီကျင်းပပြုလုပ်မည့် အခမဲ့ခွဲစိတ်ကုသရေးအစီအစဉ်တွင် လိုအပ်သောစမ်းသပ်စစ်ဆေးမှုနှင့် ခွဲစိတ်မှုများကို တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီးတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းနှင့် Smile Asia တို့ ပူးပေါင်းပြီး အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်များကို ရန်ကုန်မြို့တွင် သုံးကြိမ်၊ တောင်ကြီးမြို့တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်ပေါင်း (၄၉၉) ဦးအတွက် အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။

ဝေဒနာရှင် ကလေးငယ်ပေါင်း (၄၉၉) ဦးအတွက် အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်

ကုသရေးအစီအစဉ်ကြီးတစ်ခုလုံးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများက ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအား သွားရေးလာရေးအတွက် ကူညီပေးခြင်း၊ နေရာထိုင်ခင်းများစီစဉ်ပေးခြင်း၊ ဝေဒနာရှင်များ၏ စာရွက်စာတမ်း အထောက်အထားများ စာရင်းကောက်ယူ စီမံခန့်ခွဲပေးခြင်းနှင့် ဝေဒနာရှင်များကို လက်လှမ်းမီသရွေ့ ကူညီရှာဖွေပေးခြင်းတို့ ပြုလုပ်ပေးလျက် ရှိပါသည်။ ထို့အပြင် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ဝေဒနာရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အသွားအပြန် ခရီးစရိတ်များ၊ နေထိုင်စားသောက်ရေးနှင့် ခွဲစိတ်ကုသမှုစရိတ်များကို ပံ့ပိုးကူညီပေးလျက် ရှိပါသည်။

အခမဲ့ကုသပေးမည့်အစီအစဉ်ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာထား

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာဆိုသည်မှာ အပေါ်နှုတ်ခမ်းသားသည် နှာခေါင်းအပေါက်ဝနားအထိ ပွင့်နေခြင်း ဖြစ်ပါသည်။ နှုတ်ခမ်းသားပုံမှန်မရှိသော လက္ခဏာများကြောင့် အစာစားခြင်းဆိုင်ရာ အခက်အခဲများ၊ စကားပြောခြင်းဆိုင်ရာ အခက်အခဲများ၊ ကြားနာခြင်းဆိုင်ရာ အခက်အခဲများနှင့် နားနှင့်သက်ဆိုင်သော ရောဂါများ မကြာခဏ ဖြစ်ပွားနိုင်ပါသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာများ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ မျိုးရိုးလိုက်ခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်း၊ ဖောလစ်အက်စစ်ဓာတ် သို့မဟုတ် ဗီတာမင်အေ လုံလောက်စွာမရခြင်းတို့ အပါအဝင် ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ် သို့မဟုတ် အရက်သေစာသောက်သုံးခြင်းတို့ ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ကလေးသူငယ်ပေါင်း (၁၀၀,၀၀၀) ကျော် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာ ခံစားနေရကြောင်း ခန့်မှန်းထားကြပြီး နှစ်စဉ် မြန်မာနိုင်ငံတွင် ကလေး (၈၀၀) ဦးလျင် တစ်ဦးသည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာဖြင့် မွေးဖွားလျက်ရှိပါသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာကုသရန်အတွက် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ရိုးရှင်းသည့် ခွဲစိတ်မှုသာဖြစ်သောကြောင့် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိဘဲ ကုသချိန် တစ်နာရီမှ နှစ်နာရီထိသာ ကြာမြင့်မည် ဖြစ်ပါသည်။ ခွဲစိတ်ကုသပြီးသည့်နောက် ဝေဒနာရှင်၏ ရုပ်ရည်သွင်ပြင် တစ်ခုသာ ပြောင်းလဲသွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း အစားအစာစားသုံးနိုင်ပြီး စကားပြောဆိုနိုင်သည်အထိ ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ရရှိနိုင်မည် ဖြစ်ပါသည်။

တောင်ကြီးမြို့တွင် ပြုလုပ်သွားမည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ကုသပေးမည့်အစီအစဉ်ကို အများပြည်သူသိရှိနိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင်ထုတ်ပြန်ကြေညာထားပြီး စတင်ထုတ်ပြန်သည့် နေ့မှစ၍ ခွဲစိတ်ကုသနိုင်ရန်အတွက် ဆေးစစ်မှုများပြုလုပ်ရန် အမည်စာရင်းပေးသွင်းထားသူ ဝေဒနာရှင်ဦးရေ အယောက် (၈ဝ) ခန့် ရှိနေပြီ ဖြစ်ပါသည်။

ခွဲစိတ်ကုသရေးအစီအစဉ်တွင် အခမဲ့ကုသပေးမည့် ဝေဒနာရှင်အရေအတွက်ကို ကန့်သတ်ထားပါသဖြင့် လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့အထိ နောက်ဆုံးထား၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရသည့် မည်သည့်အသက်အရွယ်မဆို ခွဲစိတ်ကုသမှုခံယူနိုင်ရေး အမည်စာရင်းပေးသွင်းကြပါရန် တိုက်တွန်းလိုပါသည်။ အမည်စာရင်းပေးရန်နှင့် ထပ်မံသိရှိစုံစမ်းရန်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ဖုန်းနံပါတ်ဖြစ်သည့် ၀၉ ၄၂၇၅၆ ၂၀၀၃ နှင့် ၀၉ ၄၂၇၅၆ ၂၀၀၄ ကို ဆက်သွယ်နိုင်ပါသည်။

တောင်ကြီးမြို့တွင် ပြုလုပ်သွားမည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသရေး အစီအစဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို www.facebook.com/BrighterFutureMyanmar သို့မဟုတ် www.brighterfuturemyanmar.org တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ Smile Asia နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက www.smileasia.org သို့မဟုတ် www.facebook.com/SmileAsiaORG တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top