ကမ္ဘာ့ချန်ပီယံများဖြစ်သော ဒီယိုဂိုကယ်လာဒိုနှင့် နျူဇက်ထရူဟီလို တို့ကို WLC စာချုပ်ချုပ်ဆို

17-6-2020-yyl-031.jpg

မြန်မာ့ရိုးရာလက်ဝှေ့ပွဲများစီစဉ်သည့် အကြီးဆုံးအဖွဲ့အစည်းဖြစ်သော World Lethwei Championship (WLC) သည် ကမ္ဘာ့ချန်ပီယံများဖြစ်သည့် ပေါ်တူဂီဖိုက်တာ ဒီယိုဂိုကယ်လာဒိုနှင့် စပိန်ဖိုက်တာ နျူဇက်ထရူဟီလိုတို့ကို စာချုပ်ခေါ်ယူကာ ကမ္ဘာ့အဆင့်ကစားသမားစာရင်းကို ထပ်မံအင်အားဖြည့်တင်းလိုက်သည်။

ဒီယေဂိုကယ်လာဒိုမှာ ကိုယ်အလေးချိန် ၇၅ ကီလိုရှိသူဖြစ်ကာ ၃၉ ပွဲနိုင် ၁၇ ပွဲရှုံးရလဒ် ရှိထားသူဖြစ်သည်။ ၎င်းမှာ ကမ္ဘာ့ထိပ်တန်းတိုက်ခိုက်ရေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေသူဖြစ်ကာ Enfusion ကမ္ဘာ့ချန်ပီယံ၊ WBC ဥရောပချန်ပီယံ၊ ISKA ဥရောပချန်ပီယံနှင့် Strikers League ချန်ပီယံဘွဲ့များ ရရှိထားသူဖြစ်သည်။ တိုက်စစ်အားပြု ထိုးသတ်လေ့ရှိသော ပေါ်တူဂီနိုင်ငံသား၏ ထိုးလုံးသတ်ပေါက်မှာ မြန်မာ့လက်ဝှေ့နှင့် အသင့်တော်ဆုံးအခြေအနေတွင် ရှိနေသည်။

နျူဇက်ထရူဟီလိုမှာ ကိုယ်အလေးချိန် ၇၀ ကီလိုရှိပြီး ပွဲ ၄၀ နိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲသရေမှတ်တမ်းရှိထားသည်။ ထရူဟီလိုမှာ WMC စပိန်ချန်ပီယံ၊ ISKA ဥရောပချန်ပီယံ၊ IPCC Intercontinental ချန်ပီယံနှင့် ISKA ကမ္ဘာ့ချန်ပီယံဘွဲ့များ သိမ်းပိုက်ထားသူဖြစ်သည်။ ကစ်ဘောက်ဆင်ထူးချွန်သူ စပိန်ဖိုက်တာ ထရူဟီလိုမှာ တိကျအားပါသော ဝိုက်လက်သီးများဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်းရှိသူဖြစ်သည်။

ယခုကဲ့သို့ ကမ္ဘာ့အဆင့်ဖိုက်တာများ ထပ်မံခေါ်ယူနိုင်ခဲ့မှုကို WLC ဥက္ကဌ ဦးဇေသီဟက “WLC ရဲ့ ကစားသမားအင်အားက ကမ္ဘာ့အကောင်းဆုံးထဲ ပါလာပါပြီ။ ကယ်လာဒိုနဲ့ ထရူဟီလိုကိုလည်း WLC က ကြိုဆိုပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာ့အကောင်းဆုံးတွေ လာရောက်ယှဉ်ပြိုင်အောင် ကျွန်တော်တို့ ဆွဲဆောင်နိုင်တာနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲ သူတို့ယှဉ်ပြိုင်ထိုးသတ်မှာတွေကို မြင်တွေ့ခွင့်ရချင်တာက စိတ်လှုပ်ရှားတာထက်ပိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပေါ်တူဂီဖိုက်တာ ကယ်လာဒိုကလည်း “ကျွန်တော့်ရဲ့ တိုက်ခိုက်ရေးအားကစားသမားဘဝအတွက် ဒီစာချုပ်က ခြေလှမ်းနောက်တစ်လှမ်းပါပဲ။ ကမ္ဘာ့အကောင်းဆုံးတိုက်ခိုက်ရေးအားကစားတစ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ်စမ်းသပ်ခွင့်ရမှာက ကျွန်တော့်အတွက် ကျေနပ်စရာပါ။ လက်ဝှေ့က အနာဂတ်အားကစားဖြစ်လာသလို ကျွန်တော်လည်း ကမ္ဘာ့အဆင့်မှာ လက်ဝှေ့ကို ကိုယ်စားပြုချင်ပါတယ်” ဟု ဖွင့်ဟခဲ့သည်။

ထို့အပြင် စပိန်ကစားသမား ထရူဟီလိုက “WLC ရဲ့ ပထမဆုံးစပိန်ဖိုက်တာဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီအဖွဲ့အစည်းက အလျင်အမြန်တိုးတက်လာတဲ့အဖွဲ့အစည်းဖြစ်ပြီး လက်ဝှေ့ကလည်း ကျွန်တော့်အစွမ်းတွေကို ပြသခွင့်ရမယ့် အကောင်းဆုံးကြိုးဝိုင်းပါ” ဟု ဆိုသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top