မျှော်လင့်ချက်တွေ ထမ်းပိုးပြီး မွေးရပ်မြေကို ပြန်လာမယ့် WLC ဖိုက်တာ ရာဇာမွန်

htawmonag05.jpg

သိပ်မကြာသေးခင် အချိန်အတွင်း WLC က ကမ္ဘာ့ထိပ်တန်း ကစားသမား ၂ ယောက် အားဖြည့်ခေါ်ယူခဲ့ပါတယ်။ တစ်ယောက်ကတော့ ဆွီဒင်ပြည်တွင်းမွေထိုင်းချန်ပီယံ ၄ ကြိမ် ဆွတ်ခူးခဲ့တဲ့ မက်သီးယပ်စ်ဂျွန်ဆင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မြန်မာပြည်ဖွား သြစတြေးလျနိုင်ငံသား ရေးဂျေမွန်(ခ) ရာဇာမွန် ဖြစ်ပါတယ်။ ရာဇာမွန်ဟာ မြန်မာနိုင်ငံမှာ တစ်ပွဲမျှ မထိုးဖူးသေးပေမဲ့ မွေထိုင်းမှာတော့ မြန်မာပရိသတ်တွေရဲ့ အားပေးမှု ရရှိထားသူပါ။

ရာမညတိုင်းမှသည် သြစတြေးလျဆီသို့

ရာမညတိုင်းလို့ ခေါ်ဆိုကြတဲ့ မွန်ပြည်နယ်၊ ဝါးခရုကျေးရွာမှာ သူ့ကို မွေးဖွားခဲ့တာပါ။ ၁၃ နှစ်သားအရွယ်မှာ မိသားစုနဲ့အတူ သြစတြေးလျနိုင်ငံကို ရွှေ့ပြောင်းအခြေချခဲ့ပြီး ၁၆ နှစ်သားအရွယ်မှာ မွေထိုင်းသင်တန်းကို စရောက်ခဲ့ပါတယ်။ မွေထိုင်းသင်တန်းကို စရောက်တော့ ဒီပတ်ဝန်းကျင် အငွေ့အသက်ကို မနှစ်မြို့လို့ သင်တန်းဆက်မတက်ဖြစ်တော့ပါဘူး။ အဲဒီနောက်မှာ သူ့အစ်ကိုက ခဏခဏခေါ်နေလို့ သူလေ့ကျင့်တဲ့ Gym ကို ‌ရောက်သွားရာကနေ ကစ်ဘောင်ဆင်ကစားဖြစ်သွားတယ်။ ကစ်ဘောင်ဆင် လေ့ကျင့်နေရင်း ၄ လကြာတော့ ပထမဆုံးပွဲကစားတယ်။ အသက် ၂၀ ကစပြီး မွေထိုင်းပြန်လေ့ကျင့်ဖြစ်တာ ဒီနေ့အချိန်အထိပါပဲ။

အိပ်မက်တွေကို အကောင်အထည်ဖော်သူ

ရာဇာမွန်က သူ့ဘဝကို သုညကနေ စခဲ့ရသူပါ။ ပိုင်ဆိုင်သမျှ အရာတိုင်းကို လွှတ်ချပြီး တိုက်ခိုက်ရေးအားကစားလောကထဲ ဝင်ရောက်လာခဲ့တဲ့ သူ့အတွက်တော့ စိတ်ရှည်သည်းခံနိုင်စွမ်းက အကြီးမားဆုံး စွမ်းရည်တစ်ရပ်ပါပဲ။ ” ရောမမြို့ကို တစ်ရက်တည်း တည်ဆောက်ခဲ့တာ မဟုတ်ဘူး”ဆိုတဲ့ ဆိုရိုးစကားကို စွဲမြဲမှတ်သားရင်း ခယောင်းလမ်းတွေ ဖြတ်လျှောက်တဲ့အခါ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ထုဆစ်ပုံဖော်ခဲ့သူပါ။ မိသားစုနဲ့ခွဲခွာပြီး ကိုယ့်စားရိတ်ကိုယ်စားရင်း ထိုင်းမှာ မွေထိုင်းလာထိုးခဲ့တဲ့ ကာလတွေမှာ ရာဇာမွန်ကို အားတက်စရာဖြစ်စေခဲ့တာကတော့ မြန်မာနဲ့ သြစတြေးလျပရိသတ်တွေရဲ့ အားပေးမှုပါပဲ။

မျှော်လင့်ချက်တွေထမ်းပိုးရင်း မွေးရပ်မြေကို ပြန်လာမယ့်သူ

” ကျွန်တော့်မွေးရပ်မြေကို ပြန်လာခွင့်ရပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရတယ်ဆိုတာ ကျွန်တော့်အတွက် အံ့အားသင့်စရာအခွင့်အရေးပါ။ မြန်မာအားကစားသမားတွေက ဘယ်လောက်အထိ စွမ်းသလဲဆိုတာ ကမ္ဘာကို ပြမယ်။ WLC က လက်ဝှေ့ကို အဆင့်မြှင့်တင်ပေးနေတာပါ။ လက်ဝှေ့ကို ကမ္ဘာက သတိထားမိလာမယ့်အချိန်ရောက်ပါပြီ”လို့ WLC နဲ့ စာချုပ်ချုပ်ဆိုပြီးချိန်မှာ ရာဇာမွန်က ပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ လွန်မြောက်သွားလို့ WLC ပြိုင်ပွဲတွေ ပြန်စရင် မြန်မာပရိသတ်တွေ မြင်တွေ့ချင်နေကြတဲ့ ရာဇာမွန်ကို WLC ကြိုးဝိုင်းထဲမှာ မြင်ရတော့မှာပါ။

အနာဂတ်မျိုးဆက်သစ်တွေအတွက် လမ်းဖွင့်ပေးမယ့်သူ

ကျွန်တော်က တိုက်ခိုက်ရေးအားကစားမှာ ထူးချွန်တယ်လို့ ဆိုရမှာပါ။ Gym ဖွင့်ပြီး တိုက်ခိုက်ရေးအားကစား သင်ပေးဖို့ ကျွန်တော်အရမ်း အားသန်နေတယ်။ ဒါပေမဲ့ မျိုးဆက်သစ်တွေကို တိုက်ခိုက်ရေးပညာ လက်ဆင့်မကမ်းခင် ပွဲတွေထိုးချင်သေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ပါရမီထူးချွန်သူတွေပါ။ ဒါပေမဲ့ အခွင့်အရေးသိပ်မရကြဘူး။ အဲဒီတော့ အနာဂတ်မှာ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရအောင် လုပ်ပေးချင်တယ်။ ပါရမီတစ်ခုတည်းနဲ့လည်း မလုံလောက်ဘူး။ ကြိုးစားအားထုတ်ဖို့လည်း လိုသေးတယ်လေ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကို တိုက်ခိုက်ရေးအားကစားကနေ ဘဝအဆင့် မြင့်မားအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top