ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်

5-6-2020-yyl-018.jpg

“An apple a day keeps the doctor away” ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ အဲဒီစကားလေးအတိုင်း ပန်းသီး ဟာ တစ်နေ့တစ်လုံး ပုံမှန်လေးစားပေးမယ် ဆိုရင် ကျန်းမာရေးကောင်းကျိုးတွေကို အများကြီးရရှိစေနိုင်တဲ့ သစ်သီးလေး တစ်မျိုး ဖြစ်ပါတယ်။ အဲဒီလို ကျန်းမာရေးကောင်းစေနိုင်တဲ့ အစွမ်းထက် ပစ္စည်းလေးတွေက ပန်းသီးအသားထက် အခွံမှာ ပိုပြီးအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဆိုရင် တချို့သူတွေက အခွံနွှာပြီးမှ စားကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသီးကို အခွံမနွှာဘဲစားသင့်တဲ့ အကြောင်း ပြောပြပေးသွားချင်ပါတယ်။

ပန်းသီးလေးတွေဟာ ဆားဓာတ်နဲ့ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီး မှာ ပါဝင်တဲ့ flavonoid လို့ခေါ်တဲ့ ပစ္စည်းလေးက ကျန်းမာရေးအတွက် အင်မတန်အထောက်အကူ ပြုနိုင်ပါတယ်။ တကယ်လို့ သင်က ပန်းသီးအခွံကို နွှာလိုက်ပြီး အထဲက အသားကိုပဲ စားမယ်ဆိုရင်တော့ အဲဒီ flavonoid နဲ့ အမျှင်ဓါတ်ပမာဏတွေ အများကြီး လျော့နည်းသွားမှာပါ။

ပန်းသီး ကို အခွံမနွှာဘဲ စားမယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။

၁။ အစာမကြေတဲ့ ပြသနာတွေ၊ ဝမ်းရောဂါတွေကို ကူညီကာကွယ်ပေးနိုင်တယ်။

ပန်းသီးအခွံမှာပါဝင်တဲ့ pectin လို့ခေါ်တဲ့ အမျှင်ဓာတ်လေးဟာ အစာမကြေဖြစ်တာတွေကို ကူညီပေးနိုင်တဲ့အပြင် ပုံမှန်စားပေးမယ်ဆိုရင် အစာခြေလမ်းကြောင်း အတွက်ကောင်းတဲ့ ဘက်တီးရီးယားလေးတွေကို အားဖြစ်စေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနဲ့ အခြားအစာခြေလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ကူညီပေးနိုင်တယ်။

ပန်းသီးတွေမှာ ကြွယ်ဝတဲ့ အမျှင်ဓာတ် နဲ့ ရေဓာတ် ပါဝင်တာကြောင့် ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ သဘာ၀ ပစ္စည်းလေးတွေလည်း ပါဝင်တဲ့အတွက် ဝိတ်ချနေတဲ့ သူတွေလည်း စားနိုင်တဲ့ သစ်သီးလေးတစ်မျိုးပဲ ဖြစ်ပါတယ်။

၃။ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ကောင်းမွန်စေတယ်။

လေ့လာတွေ့ရှိချက်တွေအရ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များတဲ့ မှတ်ဉာဏ်ချို့ယွင်းလာခြင်း ပြသနာတွေ ကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

၄။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

Antioxidant စွမ်းအင်တွေရှိတဲ့ polyphenol လို့ခေါ်တဲ့ ပစ္စည်းလေးတွေဟာ ပန်းသီးအခွံမှာ ပိုပြီးများတာကြောင့် ပန်းသီးစားတဲ့အခါမှာ အခွံပါစားပေးမယ်ဆိုရင် polyphenol တစ်မျိုးရဲ့ သွေးပေါင်ချိန်ကို ချပေးနိုင်တဲ့ အစွမ်းကိုပါ ရနိုင်မှာ ဖြစ်ပါတယ်။ လေဖြတ်ခြင်းဖြစ်နိုင်ချေကိုလည်း ၂၀% လောက် လျှော့ချနိုင်တဲ့ အပြင် သွေးကြောလေးတွေကို ကာကွယ်နိုင်ခြင်း၊ ကိုလက်စထရောလို့ခေါ်တဲ့ အဆီဓာတ်ကို လျှော့ချပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေရှိတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

၅။ ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်။

ပန်းသီးစားခြင်းဟာ သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးနိုင်တဲ့ insulin ဟော်မုန်းထုတ်ပေးတဲ့ pancreas gland လေးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ပန်းသီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးတဲ့ သူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုနည်းတာကိုလည်း တွေ့ရပါတယ်။

၆။ ဒါ့အပြင် ပန်းသီးကို အခွံမနွှာဘဲ ပုံမှန်လေး စားပေးမယ်ဆိုရင် ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေခြင်း

ပန်းနာရင်ကြပ်ရောဂါကို ကူညီတိုက်ထုတ်ပေးနိုင်ခြင်း၊ အရိုး၊ အဆစ်တွေ သန်မာအောင် ကူညီပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေအများကြီးကိုလည်း ရရှိစေနိုင်ပါတယ်။

ဒါ့ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီး ပန်းသီးစားတဲ့အခါ အခွံပါစားပေးကြဖို့ တိုက်တွန်းပါရစေ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top