ရက် ၂၀ အတွင်း နှစ်ကြိမ်တိုင်တိုင် ကိုဗစ် ကူးစက်ခံရသူ

20-4-2022-yyl-15.jpg

စပိန်နိုင်ငံမှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်ဟာ ရက် ၂၀ အတွင်း နှစ်ကြိမ်တိုင်တိုင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန် ကူးစက်ခံရမှုတွေထဲမှာ အချိန်အတိုဆုံးဖြစ်တယ်လို့ စပိန်သုတေသီတွေက ပြောပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအရ အဲဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဒယ်တာမျိုးကွဲ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အိုမီခရွန်မျိုးကွဲတွေ ကူးစက်ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရဖူးပြီး ကာကွယ်ဆေး အပြည့်အဝထိုးထားရင်တောင် တစ်ကျော့ပြန် ကူးစက်ခံရနိုင်သေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ရက် ၉၀ ခြားပြီး ကိုဗစ်-၁၉ ရောဂါ ပြန်တွေ့မှသာ တစ်ကျော့ပြန် ရောဂါကူးစက်မှုလို့ ဆိုပါတယ်။ အဲဒီသတ်မှတ်ချက်အရ ဧပြီလအစောပိုင်းအထိ ကိုဗစ်-၁၉ နှစ်ကြိမ်တိုင်တိုင် ကူးစက်ခံရသူ ၉၀၀,၀၀၀ နီးပါး ရှိနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ မတူညီတဲ့ မျိုးကွဲတွေ ကူးစက်ခံရရင် မျိုးဗီဇအစီအစဉ် စစ်ကြည့်မှသာ အတည်ပြုနိုင်ပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုတွေထဲမှာ အဲဒီလို စစ်ဆေးသူ အလွန်နည်းပါးလို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်ခံရသူ အရေအတွက် အတိအကျကို မသိရပါဘူး။

စပိန်နိုင်ငံသူ ကျန်းမာရေးဝန်ထမ်းဟာ ပထမအကြိမ် ရောဂါကူးစက်ခံရကြောင်း တွေ့ရှိချိန်မှာ ရောဂါလက္ခဏာ မပြသပေမဲ့ နောက် ၃ ပတ်မပြည့်ခင်မှာ ချောင်းဆိုးတာ၊ ဖျားတာ အစရှိတဲ့ ဝေဒနာတွေ ခံစားရလို့ နောက်တစ်ကြိမ် ရောဂါစစ်ဆေးခဲ့တာပါ။ စစ်ဆေးမှုတွေ အသေးစိတ်လုပ်ကြည့်ချိန်မှာတော့ မတူညီတဲ့ ကိုဗစ်မျိုးကွဲ ၂ မျိုး ကူးစက်ခံခဲ့ရတယ်ဆိုတာ တွေ့ရှိခဲ့တာပါ။

” တခြားမျိုးကွဲ ဒါမှမဟုတ် ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားစနစ်ကို အိုမီခရွန်က ရှောင်လွှားနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။ ကိုဗစ် ကူးစက်ခံရပြီးပြီ၊ ကာကွယ်ဆေး ထိုးပြီးပြီဆိုတိုင်း ရောဂါပြန်ကူးမခံရတော့ဘူးလို့ စိတ်ချမနေသင့်ပါဘူး” လို့ ဆေးရုံပိုင်း အနုဇီဝဗေဒနဲ့ ကူးစက်ရောဂါဆိုင်ရာ ဥရောပကွန်ဂရက်မှာ သုတေသီ ဒေါက်တာဂျမ်မာရီစီယိုက ပြောပါတယ်။

ကာကွယ်ဆေးအပြည့်အဝ ထိုးထားသူတွေ တစ်ကျော့ပြန်ရောဂါကူးစက်ခံရမှုကို စောင့်ကြည့်ခြင်းဟာ ကာကွယ်ဆေးကို ရှောင်လွှားနိုင်တဲ့ မျိုးကွဲတွေ ရှာဖွေရာမှာ အထောက်အပံ့ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။ ကူးစက်မြန် အိုမီခရွန်မျိုးကွဲ ပေါ်ပေါက်လာခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့သလို ပြီးခဲ့တဲ့ မတ်လအစောပိုင်းမှာ အိုမီခရွန်ရဲ့မျိုးကွဲ BA.2 ကြောင့် ထပ်မံမြင့်တက်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ လူသားတွေအနေနဲ့ နှစ်ကြိမ်တိုင်တိုင် ကိုဗစ်-၁၉ ကူးစက်ခံရမှာဖြစ်ပြီး ဘဝတစ်လျှောက်မှာ ၂ ကြိမ်ထက်ပိုတဲ့ ကူးစက်ခံရမှုတွေတောင် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: BBC “Covid: Woman caught virus twice within record 20 days”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top