အပိုင်းအစ ၁ သိန်းအထိ ဖြစ်နေတဲ့ ငွေစက္ကူအပြဲတွေကို ၂၂ ရက်အတွင်း ပြန်ဆက်ပေးပြီး ငွေစက္ကူသစ်နဲ့ လဲပေးခဲ့တဲ့ တရုတ်ဘဏ်

6.8.2024-yyl-3.jpg

ချို့တဲ့နွမ်းပါးတဲ့ မိသားစုအတွက် အထောက်အပံ့ဖြစ်စေဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ ဘဏ်ဝန်ထမ်းတွေက အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ ငွေစက္ကူအပိုင်းအစ ၁ သိန်းကို ၂၂ ရက်အတွင်း ပြန်ဆက်ပြီး ငွေစက္ကူအသစ်နဲ့ လဲပေးနိုင်ခဲ့ပါတယ်။ ဇွန်လ ၂၇ ရက်မှာ ကျန်းလို့ အမည်ရတဲ့ အမျိုးသမီးက တရုတ်နိုင်ငံ စက်မှု၊ စီးပွားဘဏ်ကို ရောက်လာပြီး ငွေစက္ကူ အစုတ်အပြဲ အစိတ်အပိုင်း ၁၀၀၀၀၀ ကို ငွေစက္ကူအသစ်နဲ့ ပြန်လဲလို့ရမလားလို့ မေးမြန်းခဲ့ပါတယ်။

ကျန်းရဲ့ ယောက္ခမဟာ စိတ်ကျရောဂါခံစားနေရသူဖြစ်ပြီး ငွေစက္ကူတွေကို အခုလို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲခဲ့တာပါ။ ကျန်းက သားသမီး ၄ ယောက်ရှိပြီး သူတို့အားလုံးက ကျောင်းနေအရွယ်တွေဖြစ်လို့ ကုန်ကျစရိတ်များပါတယ်။ မိသားစု စားဝတ်နေရေးအရ ဒီငွေစက္ကူအစုတ်အပြဲတွေကို လဲနိုင်ဖို့ သူတို့အတွက် တော်တော်အရေးကြီးပါတယ်။ ဘဏ်ဝန်ထမ်းတွေက သူ့အခြေအနေကို နားလည်သွားလို့ ငွေစက္ကူအစုတ်အပြဲတွေကို ပြန်လဲပေးဖို့ သဘောတူခဲ့ပါတယ်။

ငွေစက္ကူတွေက လက်သည်းခွံသာသာ အရွယ်အစား အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေကြတာပါ။ ဒါကြောင့် ပြန်ဆက်ဖို့ တော်တော်ခက်ခဲပါတယ်။ ငွေစက္ကူတွေကို ပြန်မဆက်ဘူးဆိုရင်လည်း ပမာဏအတိအကျကို သိနိုင်မှာ မဟုတ်ပါဘူး။ ဘဏ်ဝန်ထမ်းတွေက ငွေစက္ကူတွေကို ပိုးသတ်သန့်ရှင်းပြီး သူ့နေရာသူ အံဝင်ခွင်ကျဖြစ်အောင် မှန်ဘီလူးသုံးပြီး ပြန်ဆက်ခဲ့ရပါတယ်။

၂၂ ရက်အကြာမှာတော့ ငွေစက္ကူအားလုံး ပြန်ဆက်နိုင်ခဲ့ပြီး ယွမ်ငွေ ၃၂၆၀၀ ရကြောင်း ရေတွက်နိုင်ခဲ့ပါတယ်။ ဆက်ထားတဲ့ ငွေစက္ကူတွေကို ပြန်သိမ်းပြီး ကျန်းကို ငွေစက္ကူအသစ် ၃၂၆၀၀ ပြန်လဲပေးခဲ့ပါတယ်။ ဘဏ်ဝန်ထမ်းတွေအပေါ် အလွန်အမင်း ကျေးဇူးတင်နေတဲ့ ကျန်းက ” ပြည်သူတွေရဲ့အခက်အခဲကို ဖြေရှင်းပေးသူများ” ” ပြည်သူတွေရဲ့ နှလုံးသားကို နွေးထွေးစေသူများ”ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

Ref: Woman shreds cash into over 100,000 pieces; China bank restores it in 22 days to return to needy family
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top