မျက်နှာခွဲစိတ်ပြီး ခွဲစိတ်ခမပေးဘဲ ဆေးရုံက လစ်ထွက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီး

15.2.24-yyl-2.jpg

မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ခွဲစိတ်ခ မပေးချင်လို့ ဆေးရုံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရဲ့ စစ္စလီဒေသ ဆေးရုံမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

အွန်လိုင်းပေါ် တင်ထားတဲ့ ရုပ်သံမှတ်တမ်းအရ ဆေးရုံဝတ်စုံဝတ်ပြီး ဆေးရုံသုံးဖိနပ် စီးထားတဲ့ အမျိုးသမီးဟာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အချင်းများနေတာ တွေ့ရပါတယ်။ သူ့မျက်နှာဟာ သိသိသာသာ ရောင်ယမ်းနေပြီး ပတ်တီးတွေ စည်းထားဆဲ ဖြစ်တာကြောင့် မကြာသေးခင်ကမှ မျက်နှာခွဲစိတ်မှု လုပ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။

အဲဒီအမျိုးသမီးဟာ နိုင်ငံခြားသူတစ်ဦးဖြစ်ပြီး မျက်နှာခွဲစိတ်မှုလုပ်ဖို့ တူရကီနိုင်ငံကို လာခဲ့တာလို့ တူရကီသတင်းဌာန NTV က ဖော်ပြခဲ့ပေမဲ့ ဘယ်နိုင်ငံသူလဲ၊ နာမည်၊ အသက်တို့ကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ သူဟာ ခွဲစိတ်ခပေးဖို့ သဘောတူညီခဲ့ပြီး ဖြစ်ပေမဲ့ မေ့ဆေးပြယ်ပြီး လမ်းလျှောက်နိုင်ချိန်မှာ ခွဲစိတ်ခမပေးဘဲ ဆေးရုံကနေ လစ်ထွက်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ ဆေးရုံအစောင့်တွေက သတိထားမိသွားပြီး သူ့ကို တားဆီးဟန့်တားခဲ့တာပါ။ ရုပ်သံမှတ်တမ်းမှာ အမျိုးသမီးက ဆရာဝန်တွေ၊ သူနာပြုတွေကို နိုင်ငံခြားဘာသာစကားနဲ့ ကြမ်းတမ်းစွာ အော်ဟစ်ခဲ့တာ တွေ့ရပါတယ်။ သူ့ကို ဆေးရုံထဲ ပြန်ခေါ်သွားပေမဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာတော့ မသိရသေးပါဘူး။

Ref: Woman Sneaks Out of Hospital After Plastic Surgery to Avoid Paying

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top