အလုပ်လျှောက်ထားမှု အကြိမ်(၃၀၀၀) ကျော် ငြင်းပယ်ခံခဲ့ရသူ

10-9-2020-yyl-015.jpg

တချို့လူတွေအတွက် အလုပ်တစ်ခုရဖို့တောင် ခက်ခဲလွန်းလှပါတယ်။ တချို့ကုမ္ပဏီတွေက ဝန်ထမ်းတစ်ယောက်ခန့်ဖို့အတွက် အဲဒီလူက အရာရာပြီးပြည့်စုံနေမှ။ မသန်စွမ်းတဲ့သူတွေဆိုရင် ဝန်ထမ်းအဖြစ် ခန့်ဖို့ တုံ့ဆိုင်းတတ်ကြပါတယ်။ အခုခေတ်မှာ အဲဒီလိုလူမျိုးတွေအတွက် အလုပ်တစ်နေရာရာလောက်တော့ ပေးသင့်ပါတယ်။ သူတို့တွေက မသန်ပေမယ့် အစွမ်းထက်ကြပါတယ်။ အောင်မြင်တိုးတက်သွားကြတဲ့ မသန်စွမ်းတဲ့သူတွေလည်း အများကြီးပါပဲ။ ကယ်လီ ဝီလ်ဆန် (Kellie Wilson) ဆိုတဲ့ အမျိုးသမီးဆိုရင် အလုပ် (၃၀၀၀) ကျော်ကနေ ငြင်းပယ်ခံခဲ့ရပါတယ်။ သူဟာ အခုလို ငြင်းပယ်ခံခဲ့ရတာက သူ မသန်စွမ်းတဲ့အတွက်ကြောင့်လို့ ယုံကြည်ထားပါတယ်။

ကယ်လီဟာ နားမကြားတဲ့သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ (၂) ခွဲကျော်က အလုပ်ပေါင်းများစွာကို လျှောက်ခဲ့ပါတယ်။ ဖုန်းနဲ့စကားပြောရတဲ့အလုပ်ကလွဲလို့ သန့်ရှင်းရေး၊ ပန်းကန်ဆေးအလုပ်၊ စူပါမားကတ်အလုပ်သမား၊ အမှိုက်ကောက်သမားစတဲ့အလုပ်များစွာကို လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ခုနှစ် နွေရာသီကတည်းက အလုပ်ရှာခဲ့ပေမယ့်လည်း အလုပ်ရှာဖို့ယုံကြည်ချက်မရှိလောက်အောင်ကို အလုပ်ရှာလို့မရနိုင်ခဲ့ပါဘူး။ အရင်တုန်းကတော့ ကယ်လီက Student Loans Company မှာ ဝန်ဆောင်မှုအလုပ်ကို ယာယီလုပ်ခဲ့ဖူးပါတယ်။

ကယ်လီက သူ့ရဲ့မသန်စွမ်းမှုက ဘယ်တော့မှ ပြဿနာမဖြစ်ခဲ့ဘူး။ လုပ်ဖော်ကိုင်ဖက်တွေက သူနဲ့ လိုက်လျောညီထွေအောင် နေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ကယ်လီက သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့် အလုပ်ကနေ ငြင်းပယ်ခံရမှာ ကြောက်နေပါတယ်။ တချို့ကုမ္ပဏီတွေက သူ့အလုပ်လျှောက်လွှာကို သဘောကျပေမယ့် နားမကြားတဲ့အတွက် ဖုန်းကနေတဆင့် အင်တာဗျူးလုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောပြီးတဲ့နောက်မှာတော့ အဆက်အသွယ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ “ကျွန်မ CV ပို့လိုက်တဲ့ နေရာတော်တော်များများရှိပါတယ်။ ကုမ္ပဏီတွေကနေ Email ပြန်လာခဲ့ပါတယ်။ သူတို့ ကျွန်မ CV ကိုကြည့်ပြီး သဘောကျတဲ့အတွက် ဖုန်းအင်တာဗျူးလုပ်ချင်တယ်လို့ ပြောပါတယ်။ ကျွန်မက ပါးစပ်လှုပ်တာကို ကြည့်မှ စကားပြောလို့ရမှာဖြစ်တဲ့အတွက် ဖုန်းပြောလို့မရဘူး။ ဒါကြောင့် Messenger၊ Skype တို့လို တခြားနည်းနဲ့ အင်တာဗျူးလို့ရနိုင်မလားလို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ဘယ်လိုအကြောင်းပြန်မှုမှမရှိခဲ့ဘူး”လို့ ကယ်လီက ဆိုပါတယ်။

“ကျွန်မ အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်မသိတဲ့အတွက် အရမ်းစိတ်ပျက်မိတယ်။ ကျွန်မ နားမကြားဘူးဆိုတာ မသိခင်ထိတော့ သူတို့အားလုံးအဆင်ပြေတယ်။ ကျွန်မရဲ့ယုံကြည်ချက်တွေကို တကယ်ကို ဖျက်ဆီးပစ်နေတာပါ။ ငါက အသုံးမဝင်ဘူးလို့တောင် စဉ်းစားမိလာခဲ့တယ်”လို့လည်း ကယ်လီက ဆိုပါတယ်။ ကယ်လီက သူ အလုပ်မရတာနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျတာရော၊ စိုးရိမ်ပူပန်တာရော နှစ်ခုလုံး ခံစားနေရပါတယ်။ မနက်ဆိုရင် အိပ်ရာကထဖို့တောင် ခက်ခဲနေပါတယ်။ ဒါပေမဲ့ သူ့မိသားစုကို ရှာကျွေးရဦးမယ်ဆိုတာ ကယ်လီသိပါတယ်။ “ကျွန်မ အလုပ်ရဖို့တောင်မတန်ဘူးလို့ ခံစားရလောက်အောင် လူတွေက အရမ်း ခွဲခြားဆက်ဆံနေကြတယ်။ အဲဒါကြောင့်ပဲ အိပ်ရာကနေ ထဖို့တောင် ခက်ခဲနေပါတယ်။ ဒါပေမဲ့ ကျွန်မ ကြိုးစားရမယ်။ အဲဒါကို လုပ်ဖို့အတွက် အားအင်ပြည့်ရှိရမယ်”လို့ ကယ်လီက ပြောပါတယ်။

အခုဆိုရင် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့တွေများလာပြီး အလုပ်ရှာတဲ့နေရာမှာ အပြိုင်အဆိုင်ဖြစ်လာတဲ့အတွက် ကယ်လီက အလုပ်ရှာဖို့အတွက် ပိုခက်ခဲလာမှာဖြစ်တာကြောင့် စိတ်မအေးနိုင်ဖြစ်နေရရှာပါတယ်။

Ref: Ladbible “Woman Who Has Been Rejected From More Than 3,000 Jobs Fears It’s Because She Is Deaf”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top