မွေးကင်းစကတည်းက အခိုးခံခဲ့ရပြီး မိဘအရင်းတွေမဟုတ်တာကို အသက် ၁၇ နှစ်မှ သိခဲ့ရသူ

26-7-2022-yyl15.jpg

မီချီ ဇက်ဖန်နီ

တောင်အာဖရိကနိုင်ငံသူ မီချီ ဇက်ဖန်နီဟာ သူ့ဘဝရဲ့ ၁၇ နှစ်တာလုံး သူစိမ်းတွေကို သူ့မိဘအရင်းလို့ ထင်မှတ်လာခဲ့တာပါ။ တကယ်တော့ သူ မွေးပြီး (၃) ရက်အကြာမှာ သူ့ရဲ့မိဘအရင်းဆီကနေ အခိုးခံလိုက်ရတာပါ။ ဒါကို အသက် ၁၇ နှစ်ကျမှ မီချီ သိခဲ့ရပါတယ်။

မီချီရဲ့မိခင်အရင်း ဆီလက်တီ အိပ်ပျော်နေတုန်း သူနာပြုလို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ခိုးယူသွားခဲ့တာပါ။ မီချီမွေးဖွားစဉ်က နာမည်က ဇက်ဖန်နီ နက်စ်ပါ။ မီချီကို ခိုးသွားခဲ့သူက လာဗိုနာ ဆိုလိုမွန်ဆိုသူပါ။ လာဗိုနာက သူ့ကိုယ်ဝန်ပျက်ကျသွားလို့ သူ့ရင်သွေးအဖြစ် ဟန်ဆောင်ဖို့ မီချီကို ခိုးယူခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီချီက သူ့မိဘအရင်းတွေကို မသိဘဲ ကြီးပြင်းလာခဲ့ရတာပါ။ သူ့ရဲ့မိဘအရင်းတွေက သူ့ကို ကြိုးစား ရှာဖွေခဲ့ပြီးဘယ်တော့မှ လက်မလျော့ခဲ့ဘူး။ အသက် (၁၇) နှစ်တုန်းက မီချီတက်တဲ့ ကျောင်းမှာ သူ့နဲ့ရုပ်ချင်းဆင်တဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံမိတာကနေ သူ့မိဘအရင်းတွေနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ရဲ့ညီမအရင်း ကက်စီဒီဖြစ်နေတာပါ။

မိခင်အရင်း ဆီလက်တီနဲ့ မွေးကင်းစကလေးလေး မီချီ

ကက်စီဒီက မီချီကို တွေ့တော့ အံ့ဩသွားခဲ့ပြီး “ဘာလို့ ငါနဲ့တူနေတာလဲ”လို့ ပြောခဲ့ပါတယ်။ နောက်တော့ သူတို့ သူငယ်ချင်းတွေဖြစ်လာခဲ့တယ်။ ကက်စီဒီက သူ့ရဲ့အစ်မအရင်းပျောက်ဆုံးသွားတာကို သိထားခဲ့တာပါ။ အဲဒါကြောင့် မီချီက သူ့ရဲ့ပျောက်ဆုံးနေတဲ့အစ်မများဖြစ်နေမလားလို့ သံသယရှိလာခဲ့ပြီး သူ့အဖေ မော်နီကို ပြောပြခဲ့ပါတယ်။ မော်နီကလည်း မီချီကို မြင်တော့ သွေးသားတစ်ယောက်လို့ ဆက်နွယ်မှုမျိုးခံစားခဲ့ရပါတယ်။ မီချီရဲ့မွေးရက်ကို မေးကြည့်တဲ့အခါ ဇက်ဖန်နီ အခိုးခံလိုက်ရတဲ့နေ့ ၁၉၉၇ ခုနှစ် ဧပြီ ၃၀ ရက်ဖြစ်နေခဲ့တယ်။

ကက်စီဒီက မီချီကို ဒီအကြောင်းပြောပြတော့ အစက မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ ဖခင်ဖြစ်သူ မော်နီက ရဲကို ဆက်သွယ်ခဲ့ပြီး စုံစမ်းကြည့်တော့ မီချီရဲ့အသက် ၆ နှစ်အထိ မွေးစာရင်းမသွင်းထားရသေးဘူးဆိုတာကို တွေ့ရှိခဲ့ရတယ်။ ဒါကြောင့် မီချီဆီက ခွင့်ပြုချက်ယူပြီး DNA စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဖခင်အရင်း မော်နီ

DNA စစ်ဆေးချက်က မော်နီနဲ့ ဆီလက်တီတို့က မီချီရဲ့မိဘအရင်းတွေဖြစ်တယ်ဆိုတာ ပြသနေပါတယ်။ ၂၀၁၆ ခုနှစ်မှာ အမေအရင်းမဟုတ်တဲ့ လာဗိုနာက ပြန်ပေးဆွဲမှု၊ လိမ်လည်မှုနဲ့ ကလေးသူငယ်များအက်ဥပဒေကို ချိုးဖောက်မှုတို့နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင် (၁၀) နှစ်ကျခဲ့ပါတယ်။ မိုက်ကယ်ကတော့ မီချီက သူ့ရဲ့ကလေးအရင်းမဟုတ်ဘူးဆိုတာကို မသိခဲ့ပါဘူး။
မီချီက သူ့ရဲ့ကျွေးဖခင် မိုက်ကယ်လည်း လိမ်လည်ခံရတာဖြစ်တဲ့အတွက် ခွင့်လွှတ်ပေးခဲ့ပါတယ်။ အစကတော့ မိုက်ကယ်နဲ့ မော်နီကြားမှာ ဆက်ဆံရေးတင်းမာခဲ့ပေမဲ့ အခုတော့ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိတယ်လို့ မီချီက ဆိုပါတယ်။

ကျွေးဖခင် မိုက်ကယ်

အခုနှစ် မတ်လကမှ မီချီက သူ့ရဲ့ချစ်သူ ဂျက်စတင် ရှယ်လ်ဒန်နဲ့ စေ့စပ်ခဲ့တာပါ။ မီချီမှာ အရင်ခင်ပွန်းနဲ့ရထားတဲ့ ကလေး (၂) ယောက်လည်း ရှိပါတယ်။ သူ လက်ထပ်တဲ့အခါကျရင် သူ့ရဲ့အဖေ (၂) ယောက်လုံးကို သူ့ဘေးနားမှာရှိစေချင်နေပါတယ်။ အဖေ (၂) ယောက်လုံးရဲ့လက်ကို တွဲပြီး မင်္ဂလာပွဲအခမ်းအနားကို လျှောက်လှမ်းဖို့ စီစဉ်ထားပါတယ်။ မီချီက မိုက်ကယ်နဲ့အတူ နေထိုင်ပြီး ကြီးပြင်းခဲ့ရပေမဲ့ မော်နီက သူ့ရဲ့မွေးဖခင်ဖြစ်တယ်လို့ ဆိုပါတယ်။

မီချီရဲ့အကြောင်းကို Girl, Taken အမည်နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ထားပြီး ဇူလိုင်လ ၂၅ ရက်နေ့က Paramount+ မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ “တစ်စုံတစ်ယောက်ရဲ့ကလေးကို ခိုးယူတာက တစ်စုံတစ်ယောက်ရဲ့နှလုံးသားကို ခိုးယူနေတာပါ။ ကျွန်တော် သနားညှာတာမှု မပြနိုင်ဘူး”လို့ မော်နီက ပြောပါတယ်။ မီချီရဲ့အမေ ဆီလက်တီကတော့ လာဗိုနာလွတ်လာမှာကို ကြောက်နေပါတယ်။

Ref: Ladbible “Woman Who Was Kidnapped At Birth Forgives Fake Dad Who Will Now Walk Her Down Aisle”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top