အထက်တန်းအောင်ပြီး (၁) နှစ်အကြာမှာ ဆေးကျောင်းဝင်ခွင့်ရခဲ့တဲ့ ၁၃ နှစ် သမီးလေး

26-7-2022-yyl14.jpg

အယ်လီနာ အယ်နာလီဂျ် ဝစ်ခ်ကာက အသက် ၁၃ နှစ် ကောင်မလေးတစ်ယောက်၊ မကြာသေးခင်ကမှ ၂၀၂၄ ပညာသင်နှစ်အတွက် အလာဘားမားတက္ကသိုလ်ရဲ့ Heersink ဆေးကျောင်းကို ဝင်ခွင့်ရခဲ့တယ်။ ဆေးကျောင်းရဲ့Early Assurance Program အနေနဲ့ တက်ခွင့်ရခဲ့တာပါ။

ဆေးကျောင်းတက်ခွင့်စာကို လက်ခံရရှိပြီးတဲ့နောက် အယ်လီနာက ဒီအကြောင်းကို အင်စတာဂရမ်မှာ‌ ပြောပြခဲ့တာပါ။ “သမီး.. ပြီးခဲ့တဲ့နှစ် အသက် (၁၂) နှစ်မှာ အထက်တန်းကနေ ဘွဲ့ရခဲ့တယ်။ အခု (၁) နှစ်အကြာ အသက် (၁၃) နှစ်မှာ ဆေးကျောင်းတက်ခွင့်ရခဲ့တယ်။ ကောလိပ်မှာ သမီးက ဂျူနီယာတစ်ယောက်ပါ။ သမီး ဒါကို ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြပါလိမ့်မယ်။ လူမည်းကလေးမလေးက ကယ်လီဖိုးနီးယားပြည်နယ်၊ ဖွန်တာနာမြို့ကနေ မွေးစားခံခဲ့ရတယ်။ သမီးရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အရမ်းကြိုးစားခဲ့ရတယ်”လို့ သူက ဆိုပါတယ်။

အယ်လီနာက သူ့အမေ ဒါဖနီ မက်ကွာတာကိုလည်း သူ့ရဲ့ပံ့ပိုးအားပေးမှုအားလုံးအတွက် ချီးကျူးဂုဏ်ပြုထားပါတယ်။ “မေမေ.သမီး လုပ်နိုင်ခဲ့တယ်။ မေမေမပါဘဲနဲ့ ဒါကို လုပ်နိုင်မှာမဟုတ်ဘူး။ အောင်မြင်မှုရဖို့အတွက် ဖြစ်နိုင်သမျှ အခွင့်အရေးတိုင်းကို ပေးခဲ့တယ်။ ကလေးတစ်ယောက် တောင်းတတဲ့ အကောင်းဆုံးမေမေပါပဲ။ သမီးကို အမြဲတမ်းယုံကြည်ပေးခဲ့တယ်။ သမီးကို စိတ်မဆိုးဘဲ အမှားတွေလုပ်ခွင့်ပေးခဲ့တယ်။ ကမ္ဘာကြီးအကြောင်း တွေ့ကြုံခံစားခွင့်ပေးခဲ့တယ်”လို့ ရေးသားထားပါတယ်။

အယ်လီနာက တခြားကလေးတွေလိုပဲ ရုပ်ရှင်ကြည့်တာ၊ မုန့်ဖုတ်တာ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရတာကြိုက်ပါတယ်။ လက်ရှိမှာတော့ သူက Arizona State University နဲ့ Oakwood University နှစ်ခုလုံးမှာ ဇီဝသိပ္ပံပညာရပ်ကို သင်ယူနေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူက အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်စွမ်းရှိပြီး အရမ်းစည်းကမ်းရှိပါတယ်။

အယ်လီနာက ပညာရေးအပေါ်မှာပဲ အာရုံစိုက်ထားတာမဟုတ်ဘဲ အလုပ်လုပ်ရတာကိုလည်း စိတ်ဝင်စားပါတယ်။ ၂၀၂၁ခုနှစ်က နာဆာမှာ အငယ်ဆုံးအလုပ်သင်ဖြစ်ခဲ့ပါတယ်။ သူက အသက် (၃-၄) နှစ်ဝန်းကျင်လောက်ကတည်းက ကြယ်တွေ၊ အာကာသနဲ့ LEGOs ကို စွဲလမ်းလာခဲ့တာပါ။ သူ့ရဲ့အမေက သူ့ကို နာဆာစင်တာတွေဆီ ခေါ်သွားခဲ့တယ်။ အဲဒီကတည်းက တစ်နေ့ ဒီနေရာမှာ အလုပ်လုပ်ပြီး အသက်ငယ်ဆုံးလူမည်းကောင်မလေးဖြစ်လာရမယ်လို့ စိတ်ကူးထားခဲ့တာပါ။

အယ်လီနာက သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာနယ်ပယ်တွေမှာ အသက်မွေးဝမ်းကျောင်းပြုရတာ စိတ်ဝင်စားတဲ့ လူမည်းကောင်မလေးတွေအတွက် ရည်ရွယ်ထားတဲ့ အဖွဲ့အစည်း Brown STEM Girl ကိုလည်း တည်ထောင်ခဲ့ပြီး အခုနှစ် TIME မဂ္ဂဇင်းရဲ့ Top Kid of the Year အတွက် နောက်ဆုံးဆန်ကာတင်စာရင်းထဲ ဝင်ရောက်ခဲ့ပါတယ်။

အယ်လီနာက “အသက်ဆိုတာ ဘာလဲ။ ဘယ်အရာကိုမဆိုလုပ်ဖို့ အရမ်းမငယ်ပါဘူး။ စိတ်ထဲစွဲမြဲနေတဲ့ ဘယ်အရာကိုမဆို လုပ်နိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို သက်သေပြလိုက်သလို ခံစားမိတယ်”တဲ့။ အယ်လီနာရဲ့ရည်မှန်းချက်က လေကြောင်းလိုင်းတွေမှာ အလုပ်လုပ်တဲ့ ခွဲစိတ်ဆရာဝန်ဖြစ်ဖို့နဲ့ အာကာသယာဉ်မှူးတွေနဲ့ အလုပ်တွဲလုပ်ဖို့ပါပဲ။

Ref: People.com “13-Year-Old Girl Gets Accepted to Medical School a Year After Graduating High School: ‘Mama I Made It’

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top