ရာသီဥတုပြောင်းလဲခြင်းတွေက လူသားမျိုးနွယ်ကို စစ်​ချပစ်နေခြင်းတစ်မျိုး ဖြစ်လာမလား

extinction.jpg.png

အခုအခါမှာ မခန့်မှန်း နိုင်လောက်အောင်ပဲ ရာသီဥတုတွေ ပြင်းထန်စွာ ပြောင်းလဲနေပါပြီ။ ကမ္ဘ့ာ့နိုင်ငံ အသီးသီးမှာ မြေငလျင်၊ မုန်တိုင်း၊ ရေကြီးမှု၊ မြေပြိုမှု၊ စွမ်းအင် ပြတ်တောက်မှုတွေအပြင် ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုကြောင့် ဆိုးဆိုးရွားရွားကို ကပ်ဆိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုတွေက မိုင်ယာမီလို ကမ်းခြေမြို့တွေကို ပျောက်ကွယ် သွားစေနိုင်ပြီး အပူချိန် မြင့်တက်လာခြင်းက လူသားမျိုးနွယ်ကို သတိပေးချက်တစ်ခု အသွင်ဆောင်နေပါတယ်။ အက်ဆစ်ဓာတ် ပါဝင်မှုနှုန်းမြင့်လာတဲ့ ပင်လယ်ရေတွေက ငါးတွေနဲ့ သန္တာကျောက်တန်းတွေရဲ့ ရှင်သန်မှုအတွက် မေးခွန်းထုတ်နေပါတယ်။

ဒီအကျိုးဆက်တွေက အလိုလျောက် ဖြစ်လာတာတော့ မဟုတ်ပါဘူး။ လက်ညှိုးထိုး တရားခံရှာရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ ထိုးလိုက်ပါ။ လူသားမျိုးနွယ်ရဲ့ အမှတ်တမဲ့ဖြစ်ဖြစ် တမင်ဖြစ်ဖြစ် စီးပွားရေးအရပဲဖြစ်ဖြစ် လုပ်ဆောင်ချက်တွေက ကမ္ဘာကြီးကို ဖျားနာလာစေတာဖြစ်ပါတယ်။ ဒီတိုင်းသာ ဆက်ဆိုးရွားနေဦးမယ်ဆိုရင်တော့ လူသားမျိုးနွယ်ဟာ ကမ္ဘာမြေပြင်ပေါ်က ထာဝရ ပျောက်ကွယ်သွားနိုင်ပါတယ်။

ကျွန်ုပ်တို့ဟာ ကြယ်သန်းပေါင်းပေါင်း များစွာ ရှိတဲ့ထဲက ဂလက်ဆီတစ်ခုအတွင်းက အသက်ဓာတ် ဖြစ်ထွန်းနိုင်တဲ့ ဂြိုလ်လေးတစ်ခုပေါ် ရှင်သန်နေကြတာဖြစ်ပါတယ်။ စကြာဝဠာထဲမှာ ဒီလိုသက်ရှိ ဖြစ်ထွန်းနိုင်တဲ့ ဂြိုလ်ဆိုတာ ရှားပါးပါတယ်။ တခြားဂြိုလ်ကမ္ဘာပေါ် ရှင်သန်ကြတဲ့ ဂြိုလ်သားတွေလည်း ရှိချင်ရှိနိုင်ပေမယ့် ခုထိတော့ သီအိုရီအရပဲ ရှိပါသေးတယ်။ သူတို့ကို ရှာဖွေဖို့ဆိုတာ အရင်ကတည်းက မက်ခဲ့ကြတဲ့ ဝေးကွာတဲ့ အိမ်မက်တစ်ခုပေါ့။ နိုဗယ်ဆုရ ရူပဗေဒပညာရှင် အန်ရီကိုဖာမီ (Enrico Fermi) ကတော့ သူတို့ ဘယ်ရောက်နေပါသလဲဆိုတဲ့ မေးခွန်းတစ်ခု ထုတ်ပေးထားပါတယ်။ သူ့ရဲ့အယူအဆတွေကို Fermi Paradox ဆိုပြီး ရှာကြည့်နိုင်ပါတယ်။

“လူသားတွေရဲ့တီထွင်မှုတွေ ပိုမို တိုးတက်မြင့်မားလာတာနဲ့အမျှ ပျက်စီးမှုကလည်း အချိုး ညီမျှလာပါတယ်။ နောက်ဆုံး ဒီတီထွင်မှုတွေကပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီး ပစ်လိုက်တာပါပဲ။” လို့ နယူးယော့ခ်တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ဖန်လုံအိမ် အာနိသင်လို့ခေါ်တဲ့ ကမ္ဘာကြီး တဖြည်းဖြည်းပူနွေးလာမှုက လူသားမျိုးနွယ် စစ်ချမှု (Great Filter) များဖြစ်လာ လေမလား။ “လူဦးရေက တစ်ဖြည်းဖြည်း များပြားလာပါတယ်။ ဒီလိုပဲ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ကပ်ဆိုးတွေက ပြန်သတ်ပစ်နေသလိုပါပဲ။ ညီညီမျှမျှ လူပြန်လျှော့နေသလိုပေါ့။ ကမ္ဘာ့အစကနေ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီလိုဖြစ်ရပ်တွေ အများကြီးရှိခဲ့တာပဲ။” လို့ သဘာဝ သမိုင်းပညာရှင် ပီတာဝက်ထ် (Peter Ward) က ဆိုပါတယ်။

အခုဆိုရင်တော့ သိပ္ပံပညာရှင်တော်တော်များများဟာ ဒီဖြစ်ရပ်အပေါ် စတင် ငြင်းခုန်ဆွေးနွေးလာနေကြပါပြီ။ တစ်ကယ်လို့သာ လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ်ဆိုရင်တော့ တစ်ခြားသက်ရှိ ဖြစ်ထွန်းနိုင်မယ့်ဂြိုလ် ရှာဖွေဖို့ သို့မဟုတ် ရှိနေနိုင်တဲ့ တခြားဂြိုလ်က အိမ်နီးချင်းတွေနဲ့ ဆက်သွယ်ဖို့ အရေးတကြီးလိုအပ်နေပါပြီလို့ ဆိုပါတယ်​။

Ref: Independent News: Fermi paradox: Is climate change the Great Filter of human extinction?

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top