တော်ဝင်မင်းသားဟယ်ရီရဲ့ ကြင်ယာတော်ဖြစ်လာမယ့် မီဂန်ဟာ မင်းသမီးဂုဏ်ပုဒ် ခေါ်ခံရမှာ မဟုတ်

nintchdbpict000280876637.jpg

ချာလ်းစ်မင်းသားနဲ့ ဒိုင်ယာနာတို့ရဲ့ သားအငယ်ဆုံးဖြစ်တဲ့ တော်ဝင်မင်းသားဟယ်ရီဟာ အမေရိကန် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မီဂန်မာကယ် (Meghan Markle)နဲ့ နောက်နှစ်ဆို လက်ထပ်တော့မှာ ဖြစ်ပါတယ်။

တော်ဝင်မင်းသားတစ်ယောက်နဲ့ လက်ထပ်လိုက်ပေမဲ့ မီဂန်ဟာ တော်ဝင်သွေးမှ ဆင်းသက်လာသူ မဟုတ်တာကြောင့် ဗြိတိန်တော်ဝင်စည်းမျဉ်းတွေအရ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူခွင့် မရှိဘူးလို့ သိရပါတယ်။

ဒီစည်းမျဉ်းကြောင့် မင်းသမီးဘွဲ့ခံယူခွင့်မရှိတာ မီဂန်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မီဂန်ရဲ့ အနာဂတ် လင်ညီအမဖြစ်လာမယ့် ကတ်သရင်းမစ်ဒယ်လ်တန် တုန်းကလည်း ဒီဥပဒေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကတ်သရင်းမစ်ဒယ်တန် နဲ့ မင်းသားဝီလီယံတို့ ၂၀၁၁ ခုနှစ်မှာ ထိမ်းမြားတဲ့အခါမှာ ကတ်သရင်းဟာ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဝီလီယံရဲ့ ကြင်ယာတော်ဖြစ်လာတဲ့ ကတ်သရင်းကို တော်ဝင်မိသားစုကတော့ မြို့စားကတော်ဘွဲ့၊ အမြို့သမီး မြို့စားဘွဲ့နဲ့ ဘယ်ရွန်ကတော် (မှူးမတ်) ဆိုတဲ့ ဘွဲ့သုံးခုကို အပ်နှင်းခဲ့ပေမဲ့ ကတ်သရင်းမင်းသမီးဆိုတဲ့ ဘွဲ့ကိုတော့ မအပ်နှင်းခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဗြိတိန် တော်ဝင်မိသားစုရဲ့ လုပ်ထုံးလုပ်နည်းများအရ အမျိုးသမီးတစ်ယောက်ဟာ မင်းသမီးအဖြစ်နဲ့ မွေးဖွားလာမှသာ မင်းသမီးဘွဲ့ကို ခံယူနိုင်တာ ဖြစ်ပြီး မင်းသားတစ်ပါးနဲ့ ထိမ်းမြားလိုက်တာနဲ့ မင်းသမီးဘွဲ့ကို မရရှိပါဘူး။ ဒါကြောင့် ကတ်သရင်းမစ်ဒယ်တန် အပေါ်မှာ ကျင့်သုံးခဲ့တဲ့ ဒီစည်းမျဉ်းကို မင်းသားဟယ်ရီရဲ့ လက်တွဲဖော်ဖြစ်လာမယ့် မီဂန်မာကယ် အပေါ်မှာလည်း ကျင့်သုံးဦးမှာ ဖြစ်ပါတယ်။

တော်ဝင်သွေးဆိုတဲ့ အဓိပ္ပါယ်ဆိုတာကတော့၊ အဲလိဇဘတ် ဘုရင်မကြီးရဲ့ ညီမငယ်ဖြစ်တဲ့ မာဂရက်ဟာ မာဂရက် မင်းသမီးဖြစ်ပါတယ်။ ဒါ့အပြင် အဲလိဇဘတ်ဘုရင်မကြီးရဲ့ သမီးတော် အန်းမင်းသမီးကြီးနဲ့ အဲလိဇဘတ်ဘုရင်မကြီးရဲ့ မြေးတော်တွေဖြစ်တဲ့ ဘီထရီစ်နဲ့ ယူဂျင်းတို့ဟာ မင်းသမီးဘွဲ့ကို ခံယူထားနိုင်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲလိဇဘတ်ဘုရင်မကြီးရဲ့ ဒုတိယ သားဖြစ်တဲ့ မင်းသားအန်ဒရူးရဲ့ ကြင်ယာတော်ဖြစ်သူ ဆာရာ မာဂရက်ဟာ မင်းသမီးဆာရာ ဘွဲ့ခံယူခွင့်မရှိသလို အဲလိဇဘတ်ဘုရင်မကြီးရဲ့တတိယသားနဲ့ အငယ်ဆုံး ရင်သွေးဖြစ်သူ အက်ဒွပ်မင်းသားရဲ့ ဇနီး ဆိုဖီရိုင်ဂျုံး ကလည်း မင်းသမီး ဆိုဖီဆိုတဲ့ ဘွဲ့ခံယူခွင့် မရှိပါဘူး။

အများစုကို တုန်လှုပ်သွားစေမယ့်အရာတစ်ခုကတော့ ကမ္ဘာ့ကျော် တစ်ယောက်ဖြစ်တဲ့ လေဒီ ဒိုင်ယာနာ စပန်ဆာ ကလည်း ဘယ်တုန်းကမှ တရားဝင် ဒိုင်ယာနာမင်းသမီး မဟုတ်ခဲ့ပါဘူး။ ဒိုင်ယာနာဟာ ဝေးလ်မင်းသမီးသာ ဖြစ်ပြီး ချားလ်မင်းသားကို ကွာရှင်းပြီးခဲ့တဲ့အချိန်မှာ ဒိုင်ယာနာ (ဝေးလ်မင်းသမီး) ဘွဲ့သာရှိခဲ့တာပါ။

ဗြိတိန် တော်ဝင်မျိုးနွယ်များဟာ ဘုရင်၊ ဘုရင်မ၊ မင်းသား၊ မင်းသမီးဆိုတဲ့ ဂုဏ်ထူးများကို တော်ဝင်သွေးစစ်စစ်ပါသူများအတွက်သာ သုံးစွဲပြီး လက်ရှိ အဲလိဇဘတ်ဘုရင်မရဲ့ ဘကြီးတော်သူ Edward 8 တုန်းကဆိုရင် ထီးနန်းမှာ ၁၁ လခန့်သာစိုးစံခဲ့ပြီး အမေရိကန် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ဖို့အတွက် ထီးနန်းစွန့်တဲ့ပြီးနောက်မှာ ဝင်ဆာမြို့စားဆိုတဲ့ ဘွဲ့ကိုသာခံယူခဲ့ပါတယ်။

တော်ဝင်သွေးပါသူတစ်ယောက်နဲ့ လက်ထပ်ရင် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လာတဲ့အတွက်  အများဆုံး မြို့စား၊ မြို့စားကတော်ဘွဲ့တွေကိုသာ အပ်နှင်းခံကြရပါတယ်။ ဘုရင်မကြီးရဲ့ ဒုတိယ သားဖြစ်တဲ့ မင်းသားအန်ဒရူးတစ်ယောက် ဆာရာဖာဂူဆန်ကို ၁၉၈၆ ခုနှစ်မှာလက်ထပ်တုန်းကလည်း ဘုရင်မကြီးဟာ သူမကို ယော့မြို့စားကတော်ဆိုတဲ့ ဘွဲ့ကိုသာ အပ်နှင်းခဲ့ပါတယ်။ ထိုအတူပဲ ဘုရင်မကြီးရဲ့ တတိယသားဖြစ်သူ အက်ဒွပ်မင်းသားက ဆိုဖီရိုင်ဂျုံးကို လက်ထပ်တုန်းကလည်း ဘုရင်မကြီးက အက်ဒွပ်မင်းသားကို အက်ဆက်ပ်မြို့စား မှူးမတ်အဖြစ် အပ်နှင်းခဲ့ပြီး သူ့ရဲကြင်ယာတော်ကိုလည်း မြို့စားကတော်ဘွဲ့သာ အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့သလိုပဲ ကြင်ယာတော် မီဂန်ကိုလည်း မြို့စားကတော်ဘွဲ့သာ ချီးမြှင့်ဖို့ ရှိနေပါတယ်။

ဒီလို တင်းကျပ်တဲ့ ဗြိတိန်စည်းမျဉ်းတွေရှိနေပေမဲ့ ချွင်းချက်တွေတော့ အမြဲတမ်းရှိနေပါတယ်။ အဲလိဇဘတ်ဘုရင်မကြီးရဲ့ ကြင်ယာတော်ဖီးလစ် ဘုရင်မကြီးနဲ့ ထိမ်းမြားစဉ်အခါက မင်းသားကြီးဖိလစ်ဟာ မင်းသားဘွဲ့မရသေးပါဘူး။ အဲလိဇဘတ်မင်းသမီးကို ၁၉၄၇ ခုနှစ်မှာ ဖိလစ်မင်းသား လက်ထပ်စဉ်အခါက ထိုအချိန်က အင်္ဂလန် ဘုရင်ဖြစ်တဲ့ ဂျော့ 5 ဟာ ဖိလစ်ကို အီဒင်ဘာဂ်ျ မြို့စားဘွဲ့သာ ချီးမြှင့်ခဲ့တာပါ။ ဖိလစ်ဟာ ၁၉၅၇ ခုနှစ်မှာ အဲလိဇဘတ်ဘုရင်မကြီးက “ Prince of the United Kingdom” ဘွဲ့ကို အပ်နှင်းတဲ့အချိန်မှ ဖိလစ်မင်းသားဆိုပြီး ဖြစ်လာခဲ့တာပါ။

ဒါ့ကြောင့် ကိတ်နဲ့မီဂန်တို့ကို ဘုရင်မကြီးဟာ မင်းသမီးဘွဲ့ကို အပ်နှင်းနိုင်ပေမဲ့ ဗြိတိန် တော်ဝင်မိသားစုရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြောင့် မင်းသမီးဘွဲ့အပ်နှင်းခံရဖို့ အခွင့်အလမ်းတွေက နည်းပါးလွန်းပါတယ်။

လူမို (ရိုးရာလေး)

Ref : BBC News : Why Prince Harry’s wife will not be called Princess Meghan

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top