နှာခေါင်းသွေးလျှံတာကို အမြန်ရပ်စေတဲ့ နည်းလမ်းများ

nosebleed.jpg

နှာခေါင်းသွေးလျှံခြင်းသည် လူ့သက်တမ်း တလျှောက်တွင် ခဏခဏ ကြုံတွေ့ရလေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်။ လူ့သဘာဝအရ သွေးမြင်လျှင်လန့်တတ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြသည်။ ထို့ကြောင့် နှာခေါင်းသွေးလျှံလာလျှင် မည်သို့ပြုလုပ်ရမည် ကို သိရှိရန် လိုအပ်ပါသည်။

မည်သည့်အကြောင်းများက နှာခေါင်းသွေးလျှံစေပါသနည်း

ပြင်ပမှ သက်ရောက်သော ထိခိုက်ဒဏ်ရာများ (မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ နှာခေါင်းအတွင်းရှိ အညစ်အကြေးများ ဖယ်ရှားခြင်း) ကြောင့် နှာခေါင်းသွေးလျှံတတ်ပါသည်။

အခြားသော အကြောင်းအရာများကြောင့်လည်း ဖြစ်တတ်ပါသည်။ ၎င်းတို့မှာ

  • ပူနွေးခြောက်သွေ့သောလေကို ထိတွေ့မှုများခြင်း
  • နှာခေါင်းနှင့် နှာခေါင်းတွင်းရှိ အခေါင်းများတွင် ပိုးဝင်ခြင်း
  • ဓာတ်မတည့်မှုကြောင့်ဖြစ်ခြင်း
  • ပြင်ပအရာဝတ္တုများ နှာခေါင်းထဲဝင်ခြင်း
  • နှာခေါင်းမှ ပြင်းထန်စွာ လေမှုတ်ထုတ်ခြင်း
  • ကိုကင်း အသုံးပြုမှုကြောင့် အန္တရာယ်ဖြစ်ခြင်း

နှာခေါင်းသွေးလျှံပါက မည်သို့ပြုစုစောင့်ရှောက် ရမည်နည်း။ ပြုစုစောင့်ရှောက်ခြင်း အဆင့် လေးဆင့် ရှိပါတယ်။

အဆင့် ၁။ မတ်မတ်ထိုင်ကာ အရှေ့ကို ကုန်းပါ။
မတ်မတ်ထိုင်ခြင်းကြောင့် နှာခေါင်းအတွင်းရှိ သွေးဖိအား လျှော့နည်းသွားစေနိုင်ပြီး သွေးကိုတိတ်စေပါသည်။

အဆင့် ၂။ နှာခေါင်းကို ညှစ်ထားပါ
လက်မနှင့် လက်ညိုးကို အသုံးပြု၍ နှာခေါင်းကို ၅ မိနစ်မှ ၁၀ မိနစ်အထိ ညှစ်ထားပါ။ ထိုစဉ်အတွင်း အသက်ကို ပါးစပ်မှ ရှူပါ။ နှာခေါင်းကို ညှစ်ထားသည့်အတွက်ကြောင့် သွေးစီးဆင်းမှုကို လျှော့နည်းစေနိုင်ပါသည်။

အဆင် ၃။ သွေးထပ်မံထွက်ခြင်းကို တားဆီးပါ
နှာခေါင်းသွေးယိုပြီး နာရီအတော်ကြာသည်အထိ နှာခေါင်းအတွင်းရှိ အညစ်အကြေးများအား နှိုက်ထုတ်ခြင်း ခန္ဓာကို အောက်သို့ကုန်းခြင်းများ မပြုလုပ်ရပါ။ ဦးခေါင်းကို နှလုံးထက်မြင့်သော အနေအထားဖြင့် ဆက်လက်နေပါ။

အဆင့် ၄။ သွေးထပ်မံထွက်လာပါက ပြုလုပ်ရန်
သွေးထပ်မံထွက်လာပါက နှာခေါင်းအတွင်းရှိ သွေးခဲများကို မှုတ်ထုတ်လိုက်ပါ။ ပြီးနောက် oxymetazoline ဟုခေါ်သော ဖျန်းဆေးဖြင့် ဖျန်းပါ။ ထို့နောက် နှာခေါင်းကို လက်ဖြင့် ထပ်မံညှစ်ထားပြီး ဆရာဝန်၏ အကူအညီယူပါ။

မည်သည့်အချိန်တွင် အရေးပေါ်ကုသဖို့ လိုအပ်ပါသနည်း

  • မိနစ် ၂၀ ကျော်ကြာသည့်တိုင်အောင် သွေးမတိတ်ခြင်း
  • မတော်တဆထိခိုက်ဒဏ်ရာကြောင့် သွေးထွက်ခြင်း

မည်သည့်အချိန်တွင် ဆရာဝန်ဖြင့်ပြရမည်နည်း

ပုံမှန် နှာခေါင်းသွေး ခဏခဏလျှံပါက ဆရာဝန်ဖြင့် ပြသရန် လိုအပ်ပါသည်။ ထိုအခါ ဆရာဝန်မှ လျှစ်စစ်စီးကြောင်း သို့မဟုတ် လေဆာကို အသုံးပြု၍ သွေးကြောကို လောင်းကျွမ်းစေပါသည်။ ထို့နောက် အထူးပြုလုပ်ထားသော ဂွမ်းဖြင့် ထိုသွေးကြောကို ဖိအားဖြင့်ဖိထားကာ သွေးကို တိတ်စေပါသည်။
အကယ်၍ သွေးကျဲဆေး အသုံးပြုမှုကြောင့် သွေးလျှံပါက ဆရာဝန်မှ ဆေးပမာဏကို ပြန်လည်ညှိနှိုင်းပေးပါလိမ့်မည်။

နှာခေါင်းသွေးလျှံခြင်းကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာကို အနှောက်အယှက် ဖြစ်စေတတ်ပါသည်။ ဒါပေမယ့် တစ်ခါတရံမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ပင်မဖြစ်ပွားနေသည့် အကြောင်းရင်းများကို အမြဲရှာဖွေသင့်ပါသည်။

ရေးသားသူ Phyo Wai Yan

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top