လူ (၁၂) ယောက်ရဲ့အသက်ကို ကယ်တင်နိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းမှု

yyl-041-7.jpg

အိုရီဂွန်ပြည်နယ် (Oregon)၊ မတ်ထ်ဖို့ထ် (Medford)မြို့က ကလေး (၄) ယောက် မိခင် ကိတ်လိန်း (Kathleen) ဟာ ကလေးမီးဖွားပြီးတဲ့နောက် ရက်အနည်းငယ်မှာ ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးသွားပြီးတဲ့နောက်မှာ လူ (၁၂) ယောက်ကို ကယ်တင်နိုင်မယ့် ကိုယ်အင်္ဂါအစိတ်အပိုင်း (၁၂) ခုကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကိတ်လိန်းက တက်ဒီဆိုတဲ့ စတုတ္ထမြောက်ကလေးလေးကို ဒီဇင်ဘာ (၂၉) ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ဇန်နဝါရီလ (၃) ရက်နေ့မှာတော့ ကိတ်လိန်းဟာ ဦးနှောက်အတွင်းသွေးယိုတာဖြစ်တဲ့အတွက် ဆေးရုံမြန်မြန်တက်ခဲ့ရပါတယ်။ သူ့ခင်ပွန်း ဂျက်စီ သော်ဆန် (Jesse Thorson) က ကိတ်လိန်း ကလေး မမွေးခင်က ကျန်းမာပြီး ဦးနှောက်သွေးယိုခြင်းလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဆရာဝန်တွေက ဦးခေါင်းခွံကို ခွဲစိပ်မှုတွေပြုလုပ်ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ ကိတ်လိန်းက သေဆုံးသွားခဲ့ပါတယ်။ သူဟာ အသက် (၃၄) နှစ်အရွယ်မှာ သေဆုံးခဲ့တာပါ။ သူ့ရဲ့မိသားစုက ဝမ်းနည်းပူဆွေးခဲ့ပေမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းတာက အကောင်းဘက်ကနေ ကြည့်ရင် ခွန်အားဖြစ်စေခဲ့ပါတယ်။

“သူတို့ရဲ့အမေ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခဲ့တာကို ကလေးတွေ သိမယ်ဆိုရင် ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော့ရဲ့ (၇) နှစ်သားလေးဟာ သူ့ရဲ့အတန်းထဲမှာ သူ့အမေက လူတွေကို ကူညီခဲ့တယ်လို့ ပြောပါတယ်။ ကိတ်လိန်းရဲ့အင်္ဂါအစိတ်အပိုင်းတွေကို လက်ခံရရှိခဲ့တဲ့သူတွေအကြောင်း ကျွန်တော်တို့ပိုသိရတဲ့အတွက် ကျွန်တော်တို့ ဆက်လက်ခွန်အားပေးသွားမယ် အရာတစ်ခုပါပဲ” လို့ ကိတ်လိန်းရဲ့ ခင်ပွန်းက ပြောပါတယ်။

ဂျက်စီက ဝမ်းနည်းပူဆွေးနေပေမယ့် စိတ်ကို တည်ငြိမ်အောင်ထားပြီး ကိတ်လိန်း မသေခင်က သူ တစ်ခုခုဖြစ်ခဲ့ရင် သူ့ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို အခြားသူတွေကယ်တင်ဖို့အတွက် လှူဒါန်းသင့်တယ်ဆိုတဲ့ သူ့မိန်းမရဲ့ဆန္ဒကို လေးစားနေတာပါ။

ကိတ်လိန်းက သူဟာ အင်္ဂါအစိတ်အပိုင်းလှူဒါန်းသူတစ်ယောက်ဖြစ်မယ်ဆိုတာ အမြဲတမ်းသိထားခဲ့ပါတယ်။ သူ့မိဘတွေနဲ့ အစ်မတွေကလည်း သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ တစ်သားတည်းပါပဲ။ သူ့မိန်းမရဲ့အင်္ဂါအစိတ်အပိုင်းတွေကို လက်ခံမယ့်သူတွေရဲ့အကြောင်းကိုပိုပြီး သိရဖို့ မျှော်လင့်တယ်လို့ ဂျက်စီက ပြောပါတယ်။

ဇန်နဝါရီ (၈) ရက်နေ့မှာတော့ ကိတ်လိန်းမိသားစုရဲ့ အသိမိတ်ဆွေက ကိတ်လိန်းကို ဂုဏ်ပြုတဲ့အနေနဲ့ GoFundMe ပေ့ချ်ကို ထောင်ခဲ့ပြီး ဆေးကုသစရိတ်နဲ့ နာရေးစရိတ်တွေကာမိဖို့အတွက် ဒေါ်လာ ၁၂၀,၀၀၀ ကျော် ထောက်ပံ့ငွေရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်က လူ (၁၁၄၀၀၀) နီးပါးလောက်က ကိုယ်အင်္ဂါအစားထိုးကုသဖို့အတွက် စောင့်ဆိုင်းစာရင်းမှာပါဝင်နေပါတယ်။ (၁၀) မိနစ်တိုင်း အစားထိုးကုသဖို့အတွက် စောင့်ဆိုင်းစာရင်းမှာ နာမည်အသစ်တွေ တိုးလာနေတယ်လို့သိရပါတယ်။

Ref: Mom of 4 who died after giving birth donates 12 of her organs: ‘We’re all proud of her’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top