အက်နေတဲ့အိုး

crackedpot.jpg

ရေထမ်းရောင်းသူတစ်ဦးဟာ ရေကန်ကရေကို အိုးကြီးနှစ်လုံးနဲ့ခပ်ပြီး စလွယ်သိုင်းကာ သူတို့နေထိုင်ရာရပ်ကွတ်ထဲမှာ လှည့်လည်ရောင်းချပါတယ်။ အိုးနှစ်လုံးထဲကတစ်လုံးမှာက အတော်အတန်ကြီးတဲ့ အက်ကြောင်းတစ်ခုရှိနေတာမို့ ရေဖြည့်ပေးရတဲ့နေရာကိုရောက်တဲ့အခါ ရေအပြည့်မပါဘဲ အမြဲတမ်း တစ်ဝက်ပဲပါလာတတ်ပါတယ်။

ဒါကို အပြစ်ရှိသလိုခံစားလာရတဲ့ အက်ကွဲကြောင်းရှိနေတဲ့အိုးက “သခင်၊ သင့်မှာ ကြိုးစားပမ်းစား ရေကန်ကရေကိုခပ်ပြီး သယ်ယူရောင်းချနေခဲ့ပေမဲ့လည်း ကျွန်ုပ်ရဲ့ချို့ယွင်းချက်ကြောင့် ရသင့်သလောက် အကျိုးအမြတ်မရခဲ့ပါ။ ဒါကြောင့် ကျွန်ုပ်မှာအပြစ်ရှိတယ်လို့ အမြဲတစေခံစားနေရပါတယ်။ ဒီအတွက် သခင့်ကို တောင်းပန်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်ုပ်ထိုက်နဲ့ကျွန်ုပ်ကံသာရှိပါစေ..စွန့်ပစ်လိုက်စေလိုပါတယ်” လို့ ပြောရင်း သူ့အပြစ်ကို တောင်းပန်ရှာပါတယ်။

ဒီအခါမှာ ရေသည်က “အသင်ရေအိုး၊ သင့်မှာရှိနေတေဲ့ချို့ယွင်းချက်ကို ငါသတိပြုမိတာကြာခဲ့ပါပြီ။ ဒါပေမဲ့ သင်သတိမထားမိတဲ့အချက် (၂) ချက်ရှိနေပါတယ်။ ပထမအချက်က သင့်ကို စလွယ်သိုင်းထားတဲ့ ငါ့ပုခုံးဘက်ခြမ်းဟာ ဒဏ်ရာရဖူးထားလို့ ရေအပြည့်ပါတဲ့ရေအိုးထက် ရေတဖြည်းဖြည်းချင်း လျော့နည်းလာတတ်တဲ့ သင့်ကိုလွယ်ရတာက ပိုအဆင်ပြေပါတယ်။ နောက်တစ်ချက်ကတော့ သင့်ကိုအမြဲသယ်ဆောင်လေ့ရှိတဲ့ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။ ငါစိုက်ပျိုးခဲ့တဲ့ စားပင်ငယ်တွေဟာ သင့်ဆီက ကြိမ်ဖန်များစွာရရှိခဲ့တဲ့ အက်ကွဲကြားကရေတွေကြောင့် စိမ်းလန်းရှင်သန်နေပြီး ခူးဆွတ်စားသောက်နိုင်တဲ့အခြေအနေကိုတောင် ရောက်နေကြပါပြီ” လို့ အက်နေတဲ့အိုးကိုရှင်းပြပြီး အပြစ်အနာအဆာအတွက် အားငယ်မနေဖို့အားပေးခဲ့ပါတယ်။

လောကမှာ လုံးဝအပြစ်ကင်းသူရယ်လို့ ရှိမနေပါဘူး။ ဘယ်သူမဆို အပြစ်အနာအဆာတစ်ခုခုကတော့ ရှိနေကြစမြဲပါ။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုအပြစ်အနာဆာမျိုးကိုမဆို မျက်ကွယ်မပြုဘဲ အဖြစ်မှန်ကိုလက်ခံပြီး အားနည်းချက်ကနေ အားသာချက်ဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းတွေကိုသာ ရှာဖွေကြံဆသင့်တာကို ဒီအဖြစ်အပျက်ကနေတစ်ဆင့် သတိထားဆင်ခြင်နိုင်ပါတယ်။

Ref: The Cracked Pot
Team (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top