ထင်မှတ်မထားဘဲရောက်လာခဲ့တဲ့ ကြည်နူးပီတိဖြစ်စရာစာတစ်စောင်

10148026-0-image-a-34_1550848965970.jpg

စာဖတ်သူတို့အနေနဲ့ ကိုယ့်ရဲ့ငယ်ဘဝပုံရိပ်တွေကို အောက်မေ့ပြီး ပြန်မြင်ချင်မိတဲ့ ခံစားချက်မျိုး တစ်ခါတလေ ပေါ်ခဲ့ဖူးပါသလား။ မထင်မှတ်ဘဲနဲ့ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ရဲ့အမှတ်တရတွေကို ပြန်ခံစားခွင့်ရလိုက်တဲ့အခါမျိုးကြုံရရင် အဲဒီတစ်စုံတစ်ယောက်ကို ဘယ်လိုစကားမျိုးပြောပြချင်မလဲ…။

လူတစ်ယောက်ကို အွန်လိုင်းကနေ ဗီဒီယိုတပ်ခွေဖွင့်စက်ရောင်းခဲ့တဲ့မတ် ရှုက်ရီ (Matt Shoukry) ကတော့ အသက် (၈၆) နှစ်အရွယ် ဈေးဝယ်သူဆီကနေ ကြည်နူးပီတိဖြစ်စရာစာတစ်စောင်ကို ထူးထူးခြားခြား လက်ခံရရှိခဲ့ပြီး Reddit အကောင့်ကနေ ဒီအကြောင်းကို ပြန်မျှဝေခဲ့ပါတယ်။ စာထဲမှာ သူဘာတွေများ ဖတ်လိုက်ရလို့လဲ….။

ဖေဖော်ဝါရီလ (၁၀) ရက် ရက်စွဲပါ ရေးသူအမည်မဖော်ပြထားတဲ့ ဒီစာဟာ ဗီဒီယိုတိပ်ခွေဖွင့်စက်တစ်လုံးကို eBay မှာရှာဖွေရင်း ရှုက်ရီဆီကဝယ်ယူသွားခဲ့ပြီး သူ့ရဲ့အမှတ်တရတွေဆီ ပြန်သွားခွင့်ရသွားခဲ့တဲ့သူတစ်ဦးဆီက ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စာထဲမှာက “ကျုပ်တစ်ခါမှမကြည့်ဖူးသေးတဲ့ လွန်ခဲ့တဲ့ (၂၅) နှစ်လောက်က အလုပ်ကနေအငြိမ်းစားယူချိန်အမှတ်တရပါတီပွဲဗီဒီယိုကို ပြန်ကြည့်ရတယ်။ ကျုပ် အသက်ရမလာသေးတဲ့အရွယ်ကပေါ့။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေအစုံအလင်လာတက်ခဲ့ကြတဲ့ ကျုပ်မင်္ဂလာပွဲဗီဒီယိုဖိုင်ကိုလည်း ပြန်ကြည့်ခဲ့ရတယ်။ သူတို့ထဲက အတော်များများကတော့ အခုမရှိကြတော့ပါဘူး” လို့ ရေးသားထားပြီး လူလားမြောက်လာကြတဲ့ သူ့ကလေးတွေနဲ့အတူ စကိတ်စီးထွက်ခဲ့တာ၊ ခရီးတွေသွားခဲ့တာတွေအကြောင်းရိုက်ထားတဲ့ ဗီဒီယိုခွေဟောင်းတွေကို ကြည့်ရတာဟာ ကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝကို ပြန်အမှတ်ရစေ၊ အလွမ်းပြေစေကြောင်းကိုလည်း ရေးထားခဲ့ပါတယ်။

အဲဒီနောက်မှာ “ခင်ဗျားရောင်းလိုက်တဲ့ပစ္စည်းလေးက တစ်စုံတစ်ယောက်ကို သိပ်ပြီး ပျော်ရွှင်ကြည်နူးသွားစေတယ်ဆိုတာကိုသိရရင် ခင်ဗျားလည်းပျော်မယ်လို့ ကျုပ်ယူဆပါတယ်” ဆိုပြီး လက်မှတ်ထိုးကာ စာကို အဆုံးသတ်ထားပါတယ်။

ရှုက်ရီတင်ခဲ့တဲ့ ဒီပေးစာအကြောင်း Reddit ပို့စ်ကို upvote လုပ်တဲ့အရေအတွက်ဟာ တစ်ရက်တည်းမှာတင် အကြိမ်ရေ ၁၆၀၀၀၀ အထိရှိခဲ့ပြီး upvote လုပ်သူတွေက တွစ်တာမှာလည်း ပြန်ပြီးမျှဝေခဲ့ကြပါသေးတယ်။

အမြဲလိုလို ငွေတောင်းခံလွှာတွေ၊ ကြော်ငြာတွေနဲ့ပဲ ပြည့်နေတတ်တဲ့သူ့ရဲ့မေးလ်ထဲကို ဒီလို ပီတိဖြစ်စတေဲ့စာတစ်စောင်ရောက်လာခဲ့တဲ့အတွက် ရှုက်ရီ (Shoukry) က အံ့သြနေခဲ့ရပါတယ်။

“အဲဒီစာထဲမှာပါသမျှ စိတ်ခံစားချက်တိုင်းကို ကျွန်တော် အပြည့်အဝကိုခံစားမိတယ်။ ပြီးတော့ ရေးသူရဲ့စိတ်ထဲကိုလည်း ထဲထဲဝင်ဝင်ကို ကျွန်တော်မြင်လိုက်ရတယ်ဗျာ” လို့ ရှုက်ရီက BBC ကို ပြောပြခဲ့ပါတယ်။

“ဒီနေ့ခေတ်မှာက အဆိုးမြင်မှုတွေချည်းပဲ အများသားလေဗျာ…ဘာပဲဖြစ်ဖြစ် ဒီကိစ္စလေးက တစ်နည်းနည်းနဲ့ လူတွေအတွက် အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်ရှိသွားစေနိုင်၊ လူတွေရဲ့စိတ်နှလုံးကို နွေးထွေးသွားစေနိုင်မယ်လို့ ထင်တာနဲ့ ကျွန်တော်လည်း Reddit ကတစ်ဆင့် အများသိအောင်မျှဝေဖြစ်ခဲ့တာပါ”လို့ ရှုက်ရီက ထပ်ပြီးပြောပြခဲ့ပါတယ်။

Ref: CBSNews “Elderly man sends heartfelt letter to eBay seller after buying VHS player, watching old home videos”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top