မွေထိုင်းမှာ ရှုံးခဲ့တဲ့ တူတာဗို့ကို ရိုးရာလက်ဝှေ့မှာ အလဲထိုး အနိုင်ယူပြီး ရှုံးကြွေးဆပ်ဖို့ အကောင်းဆုံးပြင်ဆင်နေတယ်လို့ တူးတူး ပြော

yyl-022-9.jpg

WLC-11: Battle Bones ပွဲစဉ်မှာ ဥဇဘက်ကစ္စတန် လက်ဝှေ့သမား တူတာဗို့ကို အလဲထိုးအနိုင်ယူပြီး မွေထိုင်းမှာ ရှုံးခဲ့တဲ့အကြွေးကို ပြန်ဆပ်ဖို့ အကောင်းဆုံးပြင်ဆင်နေတယ်လို့ တူးတူး(နဂါးမာန်ကလပ်)က ပြောပါတယ်။ တူးတူးဟာ လွန်ခဲ့တဲ့ ၆ နှစ်က မွေထိုင်းမှာ ဥဇဘက်ကစ္စတန် လက်ဝှေ့သမား တူတာဗို့ကို အမှတ်နဲ့ရှုံးခဲ့ဖူးပါတယ်။

”ပထမတစ်ပွဲ ယှဉ်ပြိုင်ဖူးလို့ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေ သိထားတယ်။ နောက်ပိုင်းမှာ တူတာဗို့ ထိုးခဲ့တဲ့ပွဲစဉ်တွေကို လေ့လာပြီး ပြင်ဆင်တယ်။ အရင်တုန်းက သူလည်း တက်စအရွယ်၊ ကျွန်တော်လည်း တက်စအရွယ်မှာ ထိုးခဲ့တာပေါ့။ အခုတော့ သူလည်း အရင်လောက် ထိုးနိုင်မယ် မထင်ဘူး။ ကျွန်တော်လည်း ဒီလိုပဲပေါ့။

မွေထိုင်းမှာ ထိုးခဲ့တုန်းက အဲဒီစည်းမျဉ်း၊ စည်းကမ်းတွေလည်း မကျွမ်းဘူး။ နားမလည်ဘူးပေါ့။ ကျွန်တော့်အတွက် အခက်အခဲရှိခဲ့တယ်။ မွေထိုင်းထိုးပြီးကတည်းက သူနဲ့ နောက်ထပ်ထိုးဖို့ ပွဲတွေ စီစဉ်ခိုင်းခဲ့တယ်။ သူနဲ့ထိုးချင်တယ်ဆိုပြီး ကျွန်တော့်ဘက်က တောင်းဆိုတာတွေရှိတယ်။ မွေထိုင်းမှာ ရှုံးခဲ့တာကို ကျွန်တော်တို့ရဲ့ မြန်မာ့လက်ဝှေ့မှာ အလဲထိုးအနိုင်ယူဖို့ ကျွန်တော် အကောင်းဆုံး ပြင်ဆင်နေပါတယ်”လို့ တူးတူးက ပြောပါတယ်။

WLC ရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ တူးတူးဟာ ဇန်နဝါရီလ ၃၁ ရက်ကျရင် ရန်ကုန်မြို့၊ သိမ်ဖြူအားကစားရုံမှာ WLC ရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် တူတာဗို့နဲ့ ထိုးသတ်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်အတွက် နှစ်လကျော်၊ သုံးလနီးပါး အချိန်ယူပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။ “မြန်မာလက်ဝှေ့ဖြစ်တဲ့အတွက် ပက်တီးအပါးပဲ စည်းပြီး ထိုးတယ်၊ ခေါင်းတိုက်လို့ရတယ်။ ၅ ချီထိုးရတယ်။ အဲဒါတွေက ကျွန်တော့်တို့ရဲ့ ကျွမ်းကျင်ရာဖြစ်လို့ ကျွန်တော့်အတွက် အားသာချက်တွေ အများကြီးရှိပါတယ်။ ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ လေ့ကျင့်ပြင်ဆင်မှုနဲ့ ယုံကြည်မှုကတော့ အပြည့်ရှိတယ်”လို့ တူးတူးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်က တူတာဗို့ကို ရှုံးနိမ့်ခဲ့တဲ့အချိန်နဲ့ လက်ရှိအချိန်နဲ့ နှိုင်းယှဉ်ရင် မြန်မာ့လက်ဝှေ့လောကမှာ ကျင်လည်ချိန် ပိုကြာလာပြီး သမ္ဘာ ပိုရင့်လာလို့ လက်ရှိအချိန် ပြင်ဆင်မှုကို ပိုအားရတယ်လို့ တူးတူးက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top