ထူးချွန်ထက်မြတ်‌သော မြန်မာပြည်ဖွားများကို အသိအမှတ်ပြုမည့် Myanmar’s Pride Awards 2019 ကို ဒုတိယအကြိမ်မြောက် ဆက်လက်ကျင်းပပြုလုပ်

group.jpg

ယနေ့တွင် Myanmar’s Pride Awards 2019 စတင် ဆောင်ရွက်သည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ The Rosewood Yangon ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဆုရွေးချယ်ပေးအပ်ရေး အဖွဲ့၏ ရည်ရွယ်ချက်မှာ ကဏ္ဍအသီးသီးတွင် အောင်မြင်ကျော်ကြား၊ ထင်ရှားသူများ၏ ကျွမ်းကျင်မှုကို အသုံးပြု၍ သက်ဆိုင်ရာကဏ္ဍများတွင် နိုင်ငံတကာက အသိအမှတ်ပြု လေးစားရသည်အထိ မြန်မာကို ကိုယ်စားပြုနိုင်သူများကို ရှာဖွေဖော်ထုတ် ဂုဏ်ပြုရန်ဖြစ်ပါသည်။

ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့သည် နယ်ပယ်အသီးသီးမှ အောင်မြင်ထင်ရှားသူများနှင့်အတူ ဆုပေးအပ်ခြင်း ဒုတိယနှစ် အခမ်းအနားကို လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်ဆုရွေးချယ်မှုတွင် အားကစားကဏ္ဍ၊ အနုပညာနှင့်ဓါတ်ပုံကဏ္ဍ၊ လူမှုအကျိုးပြုကဏ္ဍ၊ စွန့်ဦးတီထွင်ကဏ္ဍ၊ ဖက်ရှင်ဒီဇိုင်းကဏ္ဍ၊ အလှမယ်နှင့်မော်ဒယ်ကဏ္ဍ၊ တေးဂီတကဏ္ဍ၊ ရုပ်ရှင်အနုပညာကဏ္ဍနှင့် လူမှုဦးဆောင်ကဏ္ဍ အစရှိသော နယ်ပယ် ၉ ခုမှ ထူးချွန်ထင်ရှားသူများကို ရွေးချယ်ပေးအပ်ရန် စီစဉ်ထားရှိပါသည်။

ဖျော်ဖြေရေးကဏ္ဍနှင့် စီးပွားရေးဆန်းသစ်တီထွင်မှုကဏ္ဍတို့တွင် အသီးသီးဆုရရှိခဲ့ကြသော သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင် နှင့် Rangoon Tea House ၏ တည်ထောင်သူ တစ်ဦးဖြစ်သူ လူငယ်လုပ်ငန်းရှင် ထက်မြတ်ဦးတို့မှ ဤဆုပေးပွဲအစီအစဉ်ကို အားပေးသည့်အနေဖြင့် အခမ်းအနားကိုတက်ရောက်ခဲ့ကြပြီး အားပေးစကားများ‌ပြောကြားသွားခဲ့ပါသည်။ အကယ်ဒမီအိန္ဒြာကျော်ဇင်က “မနှစ်ကဆုရရှိခဲ့တဲ့အတွက်ရော ဒီနှစ်မှာလည်းအားပေးစကားပြောဖို့ ပြန်လည်ဖိတ်ကြားပေးတဲ့အတွက်ရော အရမ်းဂုဏ်ယူမိပါတယ်။ တနေ့မှာ အနုပညာလောကကမောင်နှမတွေနဲ့အတူ မြန်မာရယ်လို့ဂုဏ်ယူနိုင်မဲ့ အနုပညာဖန်တီးမှုမျိုးကို ဖန်တီးနိုင်ဖို့ ဆက်လက်ပြီး အကောင်းဆုံး ကြိုးစားသွားပါဦးမယ်။” ဟု ပြောကြားသွားခဲ့ပါသည်။

ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို ဦးစီးစီစဉ်ဆောင်ရွက်နေသည့် Mango Advertising Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာဒေါ်လင်းလင်းတင်ထွန်းမှ Myanmar’s Pride Awards 2019 ၏ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ ဖြစ်ကြသော စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ YAG Captial ၏ အမှုဆောင်အရာရှိချုပ် ဦးသူရကိုကို၊ Smart Tech ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်လှိုင်၊ Grand Royal International Group of Company Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Sanjay Gupta၊ NHK ၏ အမှုဆောင်အရာရှိချုပ်နှင် အထူးအကြံပေး Mr. Hishio Yamamoto နှင့် ထပ်ဆင့်အကယ်ဒမီဆုရှင် မို့မို့မြင့်အောင်တို့ကို မိတ်ဆက်ပေးခဲ့သည်။ ဆက်လက်၍ ဒေါ်လင်းလင်းတင်ထွန်းက “ဒီဆုရွေးချယ် ပေးအပ်ရေးအစီအစဉ် ဖြစ်မြောက်ဖို့အတွက် နယ်ပယ်အသီးသီးက ထင်ရှားအောင်မြင်သူတွေ တစုတစည်း တည်း ပါဝင်ပေးကြတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ Title sponsor အဖြစ်ပံ့ပိုး ပေးတဲ့ Grand Royal Special Reserve နဲ့ ရုပ်သံမိတ်ဖက်အဖွဲ့ အဖြစ်လက်တွဲလုပ်ဆောင်ပေးတဲ့ NHK World၊ နဲ့ Myanmar’s Pride Awards ရဲ့ အတိုင်ပင်ခံကုမ္ပဏီဖြစ်တဲ့ Deloitte ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုပံ့ပိုးသူတွေသာ မရှိဘူးဆိုရင် ထူးချွန်သူတွေကို အသိအမှတ်ပြုတဲ့ ဒီလိုအစီအစဉ်မျိုးလည်း လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပါသည်။

အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှလည်း “သက်ဆိုင်ရာ နယ်ပယ်မှာကျွမ်းကျင်ပြီး ထူးချွန်အောင်မြင်တဲ့သူတွေကို ကျွန်တော်တို့အသိအမှတ်ပြုပြီးချီးမြှင့်ဖို့ အရေးကြီး ပါတယ်။ ဒီထူးချွန်အောင်မြင် တဲ့သူတွေဟာ အခြားသူတွေအတွက် စံနမူနာယူစရာသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး ထူးချွန်သူတွေကို ဖော်ထုတ်အသိအမှတ်ပြုခြင်းအားဖြင့် သူတို့ကို လေးစားအားကျတဲ့ စိတ်နဲ့အတုယူပြီး ကြိုးစားချင်စိတ်လည်း ပိုဖြစ်လာစေမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ထူးချွန်အောင်မြင်တဲ့ လူစွမ်းကောင်းအမျိုးသမီး၊ အမျိုးသားတွေ အများကြီးလိုအပ်ပါ တယ်” ဟု ပြောကြားသွားခဲ့ ပါသည်။

Myanmar’s Pride Awards အတွက် ဆန်ခါတင်စာရင်းပြုစုရန် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားပြီး ဆုရရှိမည့်သူကိုရွေးချယ်ရာတွင် အကဲဖြတ်အမှတ်ပေးဒိုင်များ၏ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းနှင့် အများပြည်သူ၏ဆန္ဒမဲ (SMS စာတိုမှတဆင့်ပေးသော ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot မှတဆင့်ပေးသော ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်၍ အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ အကဲဖြတ် အမှတ်ပေးဒိုင်များသည် သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသော ထူးချွန်အောင်မြင် ကျော်ကြားသူ များဖြစ်ကြပါသည်။ အနုပညာနှင့်ဓါတ်ပုံကဏ္ဍအတွက် အကဲဖြတ်အမှတ်ပေးဒိုင်တစ်ဦး ဖြစ်သော အင်္လကာကျော်စွာထပ်ဆင့်အကယ်ဒမီဒါရိုက်တာပန်းချီစိုးမိုးက “အကဲဖြတ်ဒိုင်လူကြီးတစ်ဦးရဲ့ တာဝန်ကို ကျွန်တော် လေးလေးစားစားနဲ့ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဒီနယ်ပယ်ထဲမှာ ကျင်လည်လာခဲ့တဲ့ အတွေ့အကြုံအရ နိုင်ငံတကာအသိအမှတ်ပြုမှုရထိုက်တဲ့သူတွေရဲ့ လက်ရာကို ကောင်းကောင်းပိုင်းခြားနိုင်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်ရှိပါတယ်။” ဟုပြောကြားသွားခဲ့ပါ သည်။

Myanmar’s Pride Awards ၏ ရည်ရွယ်ချက်အပေါ်ထားရှိသည့် ယုံကြည်ချက်ကို ဖော်ပြရန်နှင့် အနာဂတ်တွင် မြန်မာ့ဂုဏ်ဆောင်ဖြစ်လာမည့်သူများအတွက် ရင်းနှီးမြှပ်နှံမှုပြုသည့်အနေဖြင့်ပေးအပ်မည့် အများပြည်သူ၏ ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ ၁၀ ကျပ်ကို ဆန်းသစ်သော တီထွင်ဖန်တီးမှုကို ဦးစားပေးလုပ်ဆောင် နေသော ထူးချွန်သည့်အဖွဲ့အစည်းကို ပေးလှူသွားရန် စီစဉ်ဆောင်ရွက်ထားပြီး ဆန္ဒမဲပေါင်း ၁ သန်းရရှိရန် မျှော်မှန်းထားပါသည်။ လက်ခံရရှိသည့် ဆန္ဒမဲအရေအတွက်များလျှင် ပေးလှူမည့် ငွေကြေးပမာဏလည်း မြင့်တက်လာမည်ဖြစ်ပါသည်။ မဲပေးခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက် အလက်များနှင့် မဲပေးရမည့် ဆန်ခါတင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ထုတ်ပြန် ပေးမည်ဖြစ်ပြီး ဆုပေးအပ်ချီးမြှင့်ပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။

Myanmar’s Pride Awards အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Myanmar’s Pride Awards ၏ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top