လွန်လေပြီးသောကာလက အာရှနံပါတ်တစ် ဖြစ်စေခဲ့သော ပုံရိပ်များ

ygn-building-01.jpg

ယခုအပတ်မှာတော့ ခရီးဝေး မထွက်ဖြစ်ဘဲ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အဦးများ လေ့လာရေး လမ်းလျှောက်ခရီးတိုကို Yangon Heritage Trust (ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့) ရဲ့ လမ်းညွှန်မြေပုံဖြင့် သွားရောက်ဖြစ်ခဲ့ပါတယ်။

YHT ကို ဒေါက်တာသန့်မြင့်ဦးမှ ဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာသန့်မြင့်ဦးသည် ရန်ကုန်မြို့ပြစီမံကိန်းရေးစွဲခြင်း နှင့် မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း ကို အများပြည်သူ အာရုံစူးစိုက်လာစေရန် ကြိုးပမ်းလျက်ရှိသည်။

YHT ၏ လမ်းလျှောက်ခရီးစဉ်တွင် အဆောက်အဦးဟောင်းပေါင်း ၃ဝပါဝင်ပြီး ကြာမြင့်ချိန်မှာ ၃နာရီခွဲ ၄နာရီ ပတ်လည်ဖြစ်သည်။ ခရီးစဉ် လိုက်ပါခွင့်အတွက် လျှောက်ထားသူများ များပြားလှပြီး မြန်မာနိုင်ငံသားများအတွက် အခမဲ့ဖြစ်သည်။ အခမဲ့ဆိုသော်လည်း ခရီးစဉ်တလျှောက် လိုက်ပါပြီး အဆောက်အဦးတစ်ခုချင်းစီ၏ ရာဇဝင်ကို သေချာရှင်းပြပေးသည့် ကျွမ်းကျင်အဆင့်လမ်းညွှန်လည်း ပါဝင်ပေသည်။ ကျွန်မအနေဖြင့် ထိုခရီးစဉ်ဖြင့် လိုက်ပါလိုလှသော်လည်း မိမိရှေ့တွင် ကြိုလျှောက်ထားသူများလှခြင်း၊ ပထမတစ်ကြိမ် လိုက်ပါဖူးခြင်းတို့ကြောင့် YHT မှ ထုတ်ထားသောလမ်းညွှန်မြေပုံဖြင့်သာ တစ်ကိုယ်ရည် လေ့လာရေးခရီးထွက်ဖြစ်ခဲ့ပါသည်။ အဆောက်အဦးတစ်ခုချင်းစီ၏ ရာဇဝင်အကျဉ်း နှင့် တည်နေရာကို ဓာတ်ပုံတစ်ပုံချင်းစီတွင် ဖော်ပြလိုက်ပါတယ်။

၁။ အနောက်ပိုင်းခရိုင်တရားရုံး
၁၉၀ဝခုတွင် တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့၏ ဘဏ္ဍာရေး အချက်အခြာ အဆောက်အအုံဖြစ်သည်။ ယခင်က ငွေကြေးဌာနနှင့် စားရင်းစစ်ချုပ်ရုံး ဖြစ်သည်။ ယခုလက်ရှိတွင် အနောက်ပိုင်းခရိုင် တရားရုံးဖြစ်သည်။ ပန်းဆိုးတန်းလမ်း နှင့် ဘဏ်လမ်းထောင့်တွင် ရှိသည်။ ပန်းဆိုးတန်းလမ်းမှ မျက်နှာမူကြည့်လျှင် ဘယ်ဘက်ခြမ်းတွင်ရှိသည်။

၂။ မြန်မာ့စီးပွားရေးဘဏ်-၂
၁၉၄၁ခုတွင် တည်ဆောက်ခဲ့ပြီး ချာတာဘဏ် ဖြစ်ခဲ့သည်။ ပြည်သူပိုင် အသိမ်းခံရပြီးနောက် ပြည်သူ့ဘဏ်-၂ ဖြစ်လာသည်။ ယခုအခါတွင် မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ-၂ ဖြစ်သည်။ ပန်းဆိုးတန်းလမ်း နှင့် ဘဏ်လမ်းထောင့်တွင် တည်ရှိပြီး ပန်းဆိုးတန်းလမ်းမှ ကြည့်လျှင် ညာဘက်ခြမ်းတွင် ရှိသည်။

၃။ မြန်မာ့လယ်ယာဖွံ့ဖြိုးမှုဘဏ်
၁၉၃ဝခုတွင် တည်ဆောက်ခဲ့ပြီး ဂရင်းဒလေဘဏ် ဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် အမျိုးသားပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။ လက်ရွှိင် မြန်မာ့လယ်ယာဖွံ့ဖြိုးမှုဘဏ် ဖြစ်သည်။ ပန်းဆိုးတန်းလမ်းမကြီးပေါ်တွင်ရှိသည်။

၄။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
၁၉၃၁ခုတွင် တည်ဆောက်ခဲ့ပြီး ယခင်က ဧရာဝတီဖလိုတီလာ ကုမ္ပဏီရုံး ဖြစ်ခဲ့သည်။ လက်ရှိတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံး ဖြစ်သည်။ ပန်းဆိုးတန်းလမ်းမကြီးပေါ်တွင် တည်ရှိပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးမှုဘဏ်၏ ဘယ်ဘက်တွင် ရှိသည်။

၅။ ပင်စင်ဦးစီးဌာန
၁၉၀ဝခုတွင် တည်ဆောက်ခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးနှင့် တဆက်တည်းဖြစ်သည်။ ယခင်ကော ယခုပါ ပင်စင်ရုံးပင်ဖြစ်သည်။ ဘဏ်လမ်းထဲတွင် တည်ရှိသည်။

၆။ တရားရုံးချုပ်သစ် / စုပေါင်းရုံး
၁၉၃၁ခုတွင် တည်ဆောက်ခဲ့ပြီး တရားရုံးချုပ်သစ်အဖြစ် ဆောက်လုပ်ခဲ့သည်။ ဒုတိယကမ႓ာစစ်အတွင်းတွင် ဂျပန်ကင်ပေတိုင်ရုံးအဖြစ် ယာယီသုံးခဲ့သည်။ ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရုံးချုပ် ဖြစ်လာခဲ့သည်။ လက်ရှိတွင် ပုဂ္ဂလိကသို့ ငှားရမ်းထားသည်။ ပြုပြင်မွမ်းမံမှုများအတွင်း အင်္ဂလိပ်ခေတ်ထက် ရှေးကျသော ရှေးဟောင်းအုတ်များ ရှာဖွေတွေ့ရှိထားသဖြင့် အလောင်းမင်းတရားဦးအောင်ဇေယျ ရန်ကုန်မြို့တည်စဉ်က အုတ်များ ဖြစ်နိုင် မဖြစ်နိုင်ကို စမ်းစစ်ခဲ့ကြသည်။ ကုန်သည်လမ်းအနောက်ဘက်ရှိ ဘဏ်လမ်းထဲတွင် တည်ရှိသည်။

၇။ ကြေးတိုင်း နှင့် မြေစာရင်းဦးစီးဌာန
၁၈၉၈ခုတွင် တည်ဆောက်ခဲ့ပြီး အာမေးနီးယားကုန်သည်ကြီး Mr Balthazer ၏ ကုမ္ပဏီရုံးခန်းဖြစ်သည်။ လက်ရှိတွင် ဝန်ကြီးဌာနအသီးသီး၏ရုံးခန်းများနှင့် ရှေ့နေရုံးခန်းများ ဖွင့်လှစ်ထားသည်။ ဘဏ်လမ်းထဲတွင် တည်ရှိပြီး တရားရုံးချုပ်သစ် အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။

၈။ မြန်မာ့စီးပွားရေးဘဏ်-၃
၁၉၁၄ခုတွင် တည်ဆောက်ခဲ့ပြီး အိန္ဒိယဘဏ်ဖြစ်သော Bank of Bangal အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်-၃ ဖြစ်သည်။ ဘဏ်လမ်းအဆုံး ဆူးလေဘုရားလမ်းမပေါ်တွင် တည်ရှိသည်။

၉။ ယခင်မြဝတီဘဏ်
၁၉၃၆ခုတွင် တည်ဆောက်ခဲ့ပြီး ယခင်က Reserve Bank of India အဆောက်အအုံ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံရှိ Neo-classical ဗိသုကာပုံစံ တည်ဆောက်ထားသော တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ဆူးလေဘုရားလမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်-၃ ၏ မျက်စောင်းထိုးတွင် ရှိသည်။

၁၀။ ယခင် အမေရိကန်သံရုံး
၁၉၂၆ခုတွင် အာမေးနီးယားကုန်သွယ်ရေးကုမ္ပဏီ Balthazar and Son Co.,Ltd ၏ ရုံးခွဲ အဖြစ် တည်ဆောက်ခဲ့သည်။ ဒုတိယကမ႓ာစစ်မှ ၂၀၀၇ခု အထိ အမေရိကန်သံရုံးအဖြစ် အသုံးပြုခဲ့သည်။ ကုန်သည်လမ်းမပေါ်၊ ၃၃လမ်း နှင့် ၃၄လမ်း ကြားတွင်တည်ရှိသည်။

၁၁။ မဟာဗန္ဓုလပန်းခြံ
၁၈၆၇ခုတွင် တည်ဆောက်ခဲ့ပြီး မူလအမည်မှာ Fytche Square ဖြစ်ပြီး ပွဲတော်များ၊ လူထုစည်းဝေးပွဲများ ကျင်းပခဲ့သည်။ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်း တို့ကြားတွင် တည်ရှိသည်။

၁၂။ လွတ်လပ်ရေးကျောက်တိုင်
၁၉၄၈-၁၉၅ဝခုတွင် တည်ဆောက်ခဲ့ပြီး အင်ဂျင်နီယာဦးအုန်းကြိုင်မှ ဒီဇိုင်းရေးဆွဲခဲ့သည်။ အမြင့် ၁၅၀ပေ မြင့်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရခြင်း အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ်ဦးနုမှ ပန္နက်ချခဲ့ခြင်းဖြစ်သည်။ မဟာဗန္ဓုလပန်းခြံ၏ အလယ်ဗဟိုတွင် စိုက်ထူထားသည်။

၁၃။ ယခင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန
၁၉၀၅ခုခန့်က တည်ဆောက်ခဲ့ပြီး အင်္ဂလိက်ခေတ်က ပထမဦးဆုံး မြန်မာနိုင်ငံသားပိုင် မြန်မာအဆွေကုန်တိုက် ဖြစ်သည်။ ဒဂုံမဂ္ဂဇင်း၊ အေဝမ်းရုပ်ရှင် ကုမ္ပဏီတို့လည်း ဖွင့်လှစ်ခဲ့ဖူးသည်။ ၁၉၉၂-၂၀၀၅ ထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအုဖစ် ဖွင့်ခဲ့သည်။ ဆူးလေဘုရားလမ်းမပေါ်တွင် တည်ရှိပြီး မဟာဗန္ဓုလပန်းခြံ၏ မျက်စောင်းထိုး ဆူးလေဘုရားနှင့် နီးကပ်လှသည်။

၁၄။ ဆူးလေစေတီ
လွန်ခဲ့သောနှစ်ပေါင်း ၂၃၀ဝခန့်က တည်ထားကိုးကွယ်ခဲ့ကြသည်။ ရန်ကုန်မြို့တည်ရာတွင် ဆူးလေစေတီကို အလယ်ဗဟိုတွင်ထားပြီး မြို့ကွက်ရေးဆွဲခဲ့သည်။ မဟာဗန္ဓုလလမ်းနှင့် ဆူးလေလမ်းဆုံ ရန်ကုန်မြို့ အလယ်တည့်တည့်တွင် တည်ရှိသည်။

၁၅။ မြို့တော်ခန်းမ
၁၉၂၅-၁၉၄ဝခုတွင် ရန်ကုန်မြူနီစပယ် ရုံးခန်းအဖြစ်အသုံးပြုရန် တည်ဆောက်ခဲ့သည်။ မူလပုံစံမှာ အနောက်တိုင်းပုံဖြစ်ပြီး ဆောက်လုပ်ပြီးစီးခါနီးမှ အများဆန္ဒအရ ပုဂံလက်ရာအပြောက်အမွှန်းကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်မှ ထပ်မံဖြည့်စွက်ခဲ့သည်။ မဟာဗန္ဓုလလမ်း နှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ရှိသည်။

၁၆။ ဧရာဝတီဘဏ်ရုံးချုပ်
၁၉၀၈-၁၉၁၀ ခုတွင် တည်ဆောက်ခဲ့ပြီး ထိုခေတ်က ပြည်တွင်းသာမက အာရှတခွင်တွင်ပါ နံမည်ကျော်ကြားခဲ့သော ရိုးကုန်တိုက် ဖြစ်ခဲ့သည်။ ၁၉၆၂ခု နောက်ပိုင်းတွင် ပြည်သူပိုင် သိမ်းခံရပြီး ပြည့်သူ့အင်အားဦးစီးဌာနအဖြစ် ၂၀၀၅ခု အထိ အသုံးပြုခဲ့သည်။ မဟာဗန္ဓုလမ်းလမ်းပေါ်တွင် တည်ရှိပြီး မြို့တော်ခန်းမနှင့် အလွန်နီးသည်။

၁၇။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်
၁၉၀၅-၁၉၁၁ ခုတွင် တည်ဆောက်ခဲ့ပြီး ထိုအချိန်မှ ၂၀၀၆ခုထိ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတရားရုံး အဖြစ် တည်ရှိခဲ့သည်။ မဟာဗန္ဓုလလမ်းမပေါ် မဟာဗန္ဓုလပန်းခြံနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

၁၈။ ဧမာနွေလ ဘုရားကျောင်း
၁၈၈၅ ခုတွင် အမေရိကန် သာသနာပြုအဖွဲ့တစ်ဖွဲ့မှ တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ခရစ်ယာန်ဘုရားကျောင်းများထဲမှ တစ်ကျောင်းဖြစ်သည်။ မူလအဆောက်အအုံမှာ ဒုတိယကမ႓ာစစ်အတွင်းက ဘုံးဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ၁၉၅၂ ခုတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ မဟာဗန္ဓုလလမ်း နှင့် ကုန်သည်လမ်းထောင့်တွင် တည်ရှိသည်။

၁၉။ ကြေးနန်းရုံး
၁၉၁၇ ခုတွင် ကြေးနန်းရုံးအဖြစ် တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ ဆက်ဆံရေးတွင် အလွန်အရေးပါခဲ့သည်။ မဟာဗန္ဓုလလမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် ရှိသည်။

၂၀။ ပြည်တွင်းအခွန်များဦးစီးဌာန
၁၉၃၂ ခုတွင် ဆူရ်တီအိန္ဒိယအနွယ် ကုန်သည်များမှ Rander House အဖြစ် တည်ဆောက်ခဲ့သည်။ ပါကစ္စတန်နိုသ်ငံသံရုံးလည်း ဖြဟ်ခဲ့ဖူးသည်။ ကုန်သည်လမ်း နှင့် ပန်းဆိုးတန်း လမ်းထောင့်တွင်ရှိသည်။

၂၁။ လောကနတ်အဆောက်အအုံ
၁၉၀၆ ခုတွင် တည်ဆောက်ခဲ့ပြီး ဂျူးလူမျိုးကုန်သည် ဆိုဖဲရ်မိသားစုမှ ပိုင်ဆိုင်ခဲ့သော နာမည်ကျော် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ခဲ့ရာ အဆောက်အအုံဖြစ်သည်။ ၁၉၇၁ ခုတွင် ပထမဆုံး ခေတ်ပြိုင် အနုပညာပြခန်းအဖြစ် လောကနတ်ပြခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ကုန်သည်လမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် တည်ရှိသည်။

၂၂။ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်
၁၉၀၂ ခုတွင် တည်ဆောက်ခဲ့ပြီး မူလက စကော့လူမျိုးပိုင် A.Scott & Co ၏ ရုံးခန်းဖြစ်ခဲ့သည်။ ယခုတော့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ဖြစ်လာသည်။ ကုန်သည်လမ်းမကြီးပေါ် ၃၇လမ်း နှင့် ၃၈လမ်း ကြားတွင် တည်ရှိသည်။

၂၃။ စာပေဗိမာန်
၁၉၅၆ ခုတွင် တည်ဆောက်ခဲ့ပြီး စစ်ပြီးခေတ် ဗိသုကာလက်ရာများဖြင့် ဖန်တီးထားသော မြန်မာနိုင်ငံ ဘာသာပြန်အသင်း၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ အဆောက်အအုံဖြစ်သည်။ ကုန်သည်လမ်းမကြီးပေါ် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၏ မျက်နှာချင်းဆိုင်တွင်ရှိသည်။

၂၄။ ဂန္ဒီခန်းမ
၁၉၁၁ ခု ဝန်းကျင်တွင် တည်ဆောက်ခဲ့ပြီး မူလက Rangoon Times သတင်းစာတိုက် ဖြစ်ခဲ့သည်။ ၁၉၅၁ ခုမှစကာ Mahatma Gandhi Trust ကို တည်ထောင်ပြီး ဘာသာရေး၊ လူမှုရေး နှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာဖြစ်ခဲ့သည်။ ကုန်သည်လမ်း နှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်တွင် တည်ရှိသည်။

၂၅။ အာမေးနီယန်းဘုရားကျောင်း
၁၈၆၂ ခုတွင် တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ခရစ်ယာန်ဘုရားကျောင်း ဖြစ်သည်။ ကုန်သည်လမ်း နှင့် ဗိုလ်အောင်ကျော်လမ်းထောင့် ဂန္ဒီခန်းမ၏ မျက်နှာချင်းဆိုင်တွင် ရှိသည်။

၂၆။ ဗဟိုစာတိုက်ကြီး
၁၉၀၈ ခုတွင် တည်ဆောက်ခဲ့ပြီး စကော့လူမျိုးပိုင် Bulloch Bros & Co. ၏ ရုံးအဖြစ် တည်ဆောက်ခဲ့သည်။ ၁၉၃၆ ခုမှစကာ ဗဟိုစာတိုက်ကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ကမ်းနားလမ်း နှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်တွင်တည်ရှိသည်။

၂၇။ ဗြိတိသျှသံရုံး
၁၉၀၀ ခုဝန်းကျင်တွင် တည်ဆောက်ခဲ့ပြီး မူလက စကော့လူမျိုးပိုင် J&F Graham ကုမ္ပဏီ ဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ဗြိတိသျှသံရုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။ ကမ်းနားလမ်းပေါ် ၃၉လမ်း နှင့် လမ်း၄၀ ကြားတွင် တည်ရှိသည်။

၂၈။ စထရန်းဟိုတယ်
၁၉၀၁ ခုတွင် တည်ဆောက်ခဲ့ပြီး အာမေးနီယန်းဟိုတယ် လုပ်ငန်းရှင် ညီအစ်ကိုနှစ်ဦးပိုင် ဖြစ်ခဲ့ပြီး ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ဟော်တယ်ဖြစ်သည်။ ကမ်းနားလမ်းပေါ် ဆိပ်ကမ်းသာလမ်း နှင့် ၃၈လမ်းကြားတွင် တည်ရှိသည်။

၂၉။ မြန်မာ့လေကြောင်းရုံး
မူလက ဘုံဘေဘားမား ကုမ္ပဏီ၏ရုံးအဖြစ် တည်ဆောက်ခဲ့သည်။ အဆိုပါ ကုမ္ပဏီနှင့် သီပေါမင်းတို့ကြား သစ်ကိစ္စအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး တတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်သည်အထိ မီးမွှေးခဲ့သော ကုမ္ပဏီဖြစ်သည်။ ကမ်းနားလမ်းပေါ် ၃၇လမ်း နှင့် ၃၈လမ်း ကြားတွင် တည်ရှိသည်။

၃၀။ ဆိပ်ကမ်းအာဏာပိုင်ရုံး
၁၉၂၈ ခုတွင် တည်ဆောက်ခဲ့ပြီး ဆိပ်ကမ်းအာဏာပိုင် အဆောက်အအုံဟောင်းနေရာတွင် အစားထိုး တည်ဆောက်ခဲ့သည်။ ကမ်းနားလမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့် ၃၇လမ်း ဘေးတွင် တည်ရှိသည်။

Ref: Yangon Heritage Trust
Photos: Chan Myae Ei
Stacy Chan (ရိုးရာလေး)
‪#‎stacy_yyl‬
‪#‎tourism_yyl‬

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top