သာယာလှပတဲ့ နံနက်ခင်းလေးတစ်ခုမှာ ရထားတစ်စင်းဟာ ပုံမှန်အရှိန်လေးနဲ့ ပြေးလမ်းအတိုင်းပြေးနေပါတယ်။ ရထားတွဲတစ်တွဲမှာတော့ အသက်(၂၀)ဝန်းကျင်အရွယ် လူရွယ်တစ်ယောက်နဲ့ အသက် (၅၀)ကျော် အရွယ်ရှိပြီဖြစ်တဲ့ အဖေဖြစ်သူတို့ စကားစမြည်ပြောရင်း လိုက်ပါလာကြပါတယ်။ သူတို့သားအဖနှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ လူလတ်ပိုင်းလင်မယားနှစ်ယောက်က ဂျာနယ်တစ်စောင်ဖတ်ရင်းနဲ့ လိုက်ပါလာပါတယ်။
အသက်၂ဝအရွယ် သားဖြစ်သူက “အဖေ အပြင်ကို ကြည့်လိုက်ပါအုံး။ အပင်တွေက ကျွန်တော်တို့နောက်မှာ ကျန်ခဲ့ပြီ”လို့ ရုတ်တရက် ထအော်လိုက်ပါတယ်။ တစ်ဘက်မှာထိုင်နေတဲ့ လင်မယားနှစ်ယောက်က လူရွယ်ရဲ့ ကလေးဆန်တဲ့အပြုအမူကြောင့် အံ့အားသင့်နေတုန်းမှာပဲ “ဟာ…တိမ်တွေကတော့ ကျွန်တော်တို့နဲ့အတူ အပြေးပြိုင်နေတယ်”လို့ ထပ်ပြီး အော်လိုက်ပြန်ပါတယ်။
အဲဒီခါမှာတော့ လင်မယားနှစ်ယောက်က စိတ်အနှောက်အယှက်ဖြစ်သွားပြီး အဖေဖြစ်တဲ့သူကို ” ဦးလေး…ဦးလေးသားကို စိတ်ရောဂါဆရာဝန်ဆရာကောင်းကောင်းတစ်ယောက်နဲ့ မပြကြည့်ဘူးလား”လို့ မေးလိုက်တဲ့အခါမှာတော့ လူကြီးက “ငါ့တူတို့ငါတူမတို့ စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် ဦး တောင်းပန်ပါတယ်။ အခုလို ဦးရဲ့သား မြင်တွေ့သမျှကို အထူးအဆန်းဖြစ်နေတာက စိတ်ရောဂါဝေဒနာခံစားနေရလို့ မဟုတ်ပါဘူး။ ဦးရဲ့သားဟာ အရင်က မျက်စိကွယ်နေခဲ့တာပါ။ ဒီနေ့မှ မျက်စိနှစ်လုံးစလုံး အလင်းပြန်ရတာမို့ မြင်သမျှအရာတိုင်းက သူ့အတွက် အထူးအဆန်းဖြစ်နေတာပါကွာ”လို့ ပြန်ဖြေလိုက်ပါတယ်။
ဒီအကြောင်းအရာကနေ အဓိကပေးချင်တဲ့ အသိလေးကတော့ ဘယ်ကိစ္စအကြောင်းအရာမဆို ဂဃနဏ မသိဘဲ ဝေဖန်လိုက်မယ်ဆိုရင် အမှန်တရားကိုသိလာတဲ့အခါ အားတုံ့အားနာဖြစ်ရတတ်ကြောင်း သင်ခန်းစာပါ။ အလားတူပဲ သင့်ပတ်ဝန်းကျင်က အသုံးဆောင်ပစ္စည်းတွေ၊ နေရာဒေသတွေက သင့်အတွက် အထူးအဆန်းမဟုတ်တော့ပေမဲ့လည်း အခြားလူများအတွက်တော့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင်သိတဲ့အရာတစ်ခုက အခြားသူတစ်ယောက်ကမသိတဲ့အခါ လှောင်ပြောင်နှိမ့်ချနေမယ့်အစား အပြန်အလှန်နားလည်မှုထားပြီး တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီပေးသင့်ပါတယ်။
Ref: ” Truth might surprise you”
Paradise (ရိုးရာလေး)